ပြည်မြို့နယ်၊ ဝိုင်းချောင်းရွာအနီးတွင် တိုက်ပွဲဖြစ်နေပြီး ပြည်မြို့ ဒကစမှ အရာရှိ ၄ ဦး အပါအဝင် စစ်သား အများအပြား သေဆုံး၊ ဒကစမှ စစ်ကူများ ထပ်မံ ပို့ဆောင်

by

in

ပြည်မြို့နယ်၊ ဝိုင်းချောင်းရွာအနီးတွင် တိုက်ပွဲဖြစ်နေပြီး ပြည်မြို့ ဒကစမှ အရာရှိ ၄ ဦး အပါအဝင် စစ်သား အများအပြား သေဆုံး၊ ဒကစမှ စစ်ကူများ ထပ်မံ ပို့ဆောင်

ရန်ကုန်၊ ဩဂုတ် ၂၃

ပဲခူးတိုင်း၊ ပြည်နယ်မြို့နယ်၊ ဝိုင်းချောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်နေပြီး ပြည်မြို့ ဒကစမှ အရာရှိ ၄ ဦး အပါအဝင် အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးကာ ပြည်ဒကစမှ စစ်ကူများထပ်မံ ပို့ဆောင်နေကြောင်း Pyay Underground News – PUGN မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်မှစတင်၍ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့နှင့် ၇ မိုင်ခန့် အကွာရှိ ဝိုင်းချောင်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ကြား တိုက်ပွဲပြင်းနေပြီး ပြည်မြို့အခြေစိုက် ဒေသကွက်ကဲမှုစစ်ဌာနချုပ် – ဒကစမှ အရာရှိ ၄ ဦး အပါ အဝင် စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း သေဆုံးသွားသော အကြမ်းဖက်စစ်သားရုပ်အလောင်းများကို ယနေ့ ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းတွင် ပြည်မြို့ ကုတင် ၁၀၀ ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။

“ဘယ်လိုကနေ စဖြစ်တာလဲဆိုတာ သိရဖို့ စုံစမ်းနေတုန်းပါ၊ ဘယ်အဖွဲ့ဖြစ်တာလဲဆိုတာလဲ မသိရ သေးဘူး။ တိုက်ပွဲဖြစ်နေတဲ့အကြောင်းပဲ သိရသေးတယ်။ တိုက်ပွဲက ဒီနေ့အထိ ဆက်ဖြစ်နေသေး တယ်၊ အခုတော့ နည်းနည်းငြိမ်နေတယ်၊ အခုထိ အဲဒီဘက်ကို ပြည်ဒကစနေ စစ်ကူတွေပို့နေတုန်း ပဲ။ သေတဲ့အရေအတွက်က အတိအကျတော့မသိရသေးပေမယ့် စခဘက်က အတော်အထိနာပြီး အကျအဆုံးများတယ်။” ဟု Pyay Underground News – PUGN မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား၊ ရဲနှင့် ပြည်သူ့စစ်အချို့လည်း သေဆုံးမှုရှိပြီး ဝက်ထီးကန် ယာယီစခန်းမှူးတာဝန်ယူထားသူ နယ်ထိန်းရဲတစ်ဦးလည်း ခါးတွင် သေနတ်ထိမှန် ပြင်းထန်ဒဏ်ရာ ရရှိထားကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဝိုင်းချောင်းကျေးရွာအပါအဝင် အနီး အနားကျေးရွာများကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။