မီးအချိန်ဇယားထဲ ရုန်းကန်နေရတဲ့ ရန်ကုန်
သတိုး /People’s Spring
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်သလို လူဦးရေအထူထပ်ဆုံး ရန်ကုန်မြို့ ဟာ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုအောက်မှာ
လျှပ်စစ်မီး အခြေအနေ ဆိုးရွားနေပြီး လူမှုစီးပွားဘဝတွေ ထိခိုက်နေပါတယ်။
ရန်ကုန်မြို့ခံတွေဟာ မြို့နယ်အလိုက်လျှပ်စစ်မီးအချိန်ဇယားအသီးသီးကိုကိုင်လျက် နာရီပိုင်းသာရမယ့် မီးကို နေ့တဓူဝ မျှော်နေရတာပါ။
လျှပ်စစ်ကား၊ လျှပ်စစ်ရထားတွေပြေးဆွဲမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ကြွေးကြော်ပေမယ့် လက်တွေ့မှာတော့
နိုင်ငံရဲ့ စီးပွားရေးမြို့ကြီး ကို တောင် မီးနပ်မှန်အောင် မပေးနိုင်ပါဘူး။
လက်ရှိ ရန်ကုန်မြို့ခံတွေဟာ တစ်နေ့ကို လေးနာရီ လာ၊ ရှစ်နာရီပျက် ပုံစံမျိုးနဲ့ အုပ်စု ခွဲပြီး အလှည့်ကျ မီးရနေတာပါ။ ဒါပေမယ့် မီးပေးချိန်မမှန်၊ မီးလာချိန်နည်းတာကိုပါ ထပ်ကြုံရပါတယ်။
နေ့ခင်း ၁ နာရီ ကနေ ညနေ ၄ နာရီ အထိ မီးလေးနာရီ ရမယ့်အလှည့်မှာ နေ့ခင်း ၁ နာရီလာပြီး မိနစ်ပိုင်းအကြာမှာပဲ ပျက်သွားတာမျိုး ဒါမှမဟုတ် ၁ နာရီစမလာဘဲ ညနေ ၃ နာရီမှ မီးထလာတာမျိုး ကြုံနေရတာပါ။
အထူးသဖြင့် မီးလာချိန်မမှန်၊ မီးလာချိန်နည်းတာကို ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုန်းမြို့နယ်တွေက အများဆုံးခံစားရတာဖြစ်ပါတယ်။
လျှပ်စစ်မီး ဆိုးရွားလာတာကြောင့် ရန်ကုန်မြို့နေ ပြည်သူတွေဟာ ထမင်း၊ ဟင်းချက် ဖို့အတွက် မီးသွေး၊ ထင်းကို သုံးရတဲ့ လွန်ခဲ့တဲ့ဆယ်နှစ်ကျော် စစ်အစိုးရ ကာလအခြေအနေကိုပြန်ရောက်သွားကြပါတယ်။
NLD အရပ်သားအစိုးရ လက်ထက်က ရန်ကုန်မြို့မှာ မျိုးသုဉ်းသလောက် ပျောက်ကွယ်သွားတဲ့ အင်ဗာတာမီး၊ ဘက်ထရီမီးတွေဟာ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာတော့ စျေးကွက်ထဲပြန်ရောက်လာပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်မြို့ ကို လျှပ်စစ်မီးမှန်အောင်မပေးနိုင်တာက စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်လို့ ဝန်မခံဘဲ PDF တွေနဲ့ သဘာဝဘေးကြောင့်လို့ လက်ညှိုးထိုး အပြစ်ပုံချပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမပတ်အတွင်းစစ်ကောင်စီ ရဲ့ လျှပ်စစ်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာလျှပ်စစ်မီးပျက်ရတဲ့အကြောင်းရင်းကို အချက်သုံး ချက် ဖော်ပြပါတယ်။
ဓာတ်အားလိုင်းကြီး ၁၄ လိုင်းဖျက်ဆီးခံရတာ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေအတွက် သဘာဝဓာတ်ငွေ့ ရရှိမှု လျော့နည်းတာ၊ ရာဂီမုန်တိုင်းသက်ရောက်မှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်လာပြီး ရေအားလျှပ်စစ်စက်ရုံ ထိန်းသိမ်းပြုပြင်ရတာ တွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။
ဒါပေမယ့် NUG အစိုးရ လျှပ်စစ်နဲ့ စွမ်းအင်ဒုဝန်ကြီး ဦးမော်ထွန်းအောင်က လျှပ်စစ်မီး စစ်ကောင်စီလုံလောက်အောင် မပေးနိုင်တာက ပုဂ္ဂလိက ဓာတ်အားပေး စက်ရုံတွေကို အလေးမထားမှု၊ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှုနဲ့ ရာသီဥတု ပြောင်းလဲမှုကို စီမံခန့်ခွဲနိုင်တဲ့ ပညာရှင်တွေ မရှိတာကြောင့်လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ ထောက်ပြခဲ့ပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေး စီမံအုပ်ချုပ်မှု ညံ့ဖျင်းမှုတွေကြောင့် ဒေါ်လာဈေး နှစ်ဆကျော် တက်သွားချိန်မှာ ပုဂ္ဂလိက ဓာတ်အားထုတ်လုပ်ပေးတဲ့ စက်ရုံတွေရပ်ထားရတာတွေကြောင့်လည်းပါတယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ရေးသားပါတယ်။
NLD အစိုးရ လက်ထက်က ရန်ကုန်မြို့ကို မီးပေးဖို့ အသုံးပြုခဲ့တဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) နဲ့ လျှပ်စစ်ဓာတ်အားထုတ် သင်္ဘောဟာ စစ်ကောင်စီလက်ထက်မှာတော့ ပြန်လည်ထွက်ခွာသွားရပါတယ်။ အဲဒီနောက်ပိုင်း ရန်ကုန်မြို့မှာ မီးရရှိမှုက ပိုမိုဆိုးရွားသွားတာပါ။
ရန်ကုန်မြို့ခံတွေဟာ လာမယ့် နွေရာသီမှာ ရာသီဉတု ပူပြင်းမှုနဲ့အတူ ဖြတ်သန်းရမယ့် အမှောင်ညတွေအတွက် ကြိုတင်ရင်မောနေပါတယ်။
တချိန်တည်းမှာပဲ ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထက်က လျှပ်စစ်မီး ထိန်ထိန်လင်းခဲ့တဲ့ ညတွေကို ပြန်လည်အမှတ်ရနေကြပါတယ်။