အုတ်ဖိုတွင် စစ်မှုထမ်း စာရင်း လိုက်လံ ကောက်ခံနေသည့် မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်မှု အုပ်ချုပ်ရေးမှူးနှင့် ရုံးစာရေးတို့ ထိခိုက်ဒဏ်ရာရ

by

in

အုတ်ဖိုတွင် စစ်မှုထမ်း စာရင်း လိုက်လံ ကောက်ခံနေသည့် မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်မှု အုပ်ချုပ်ရေးမှူးနှင့် ရုံးစာရေးတို့ ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ပဲခူးတိုင်း၊ အုတ်ဖိုမြို့တွင် စစ်မှုထမ်းရန် အမျိုးသားများနှင့် အမျိုးသမီးများ စာရင်း လိုက်လံ ကောက်ခံနေသည့် မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူးနှင့် ရုံးစာရေးတို့ ထိခိုက် ဒဏ်ရာရပြီး ကောက်ခံထားသော စစ်မှုထမ်းအမည်စာရင်းစာရွက်များ ပျက်စီးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၄ နာရီ ၂၅ မိနစ်ခန့်တွင် အုတ်ဖိုမြို့တွင် စစ်မှုထမ်းရန် အမျိုးသားများနှင့် အမျိုးသမီးများ စာရင်း လိုက်လံ ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး၊ စာရေး နှင့် ရဲများ နေထိုင်သော မြို့နယ်ရဲစခန်းအနီးရှိ မြို့မ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှု အတွင်း အုပ်ချုပ်ရေးမှူးနှင့် ရုံးစာရေးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ရုံးအတွင်းရှိ စစ်မှုထမ်းရန် ပြုစုထားသော အမျိုးသား၊ အမျိုးသမီးများ၏ အမည်စာရင်းပါ စာရွက်စာတမ်းများ အပါအဝင် ရုံးအတွင်း ပျက်ဆီးမှုများပြားကြောင်း သိရှိရသည်။
“ရဲစခန်းနားက မြို့မအုပ်ကြီးရုံးကို အခု မနက် ၄ နာရီ ၂၅ မိနစ်မှာ ဗုံးခွဲတိုက်ခိုက်ပါတယ်။ အုပ်ကြီးနဲ့ ရုံးစာရေးတို့ ဒဏ်ရာရတယ်။ စစ်မှုထမ်းရမယ့် အမည်စာရင်းတွေ အပါအဝင် ရုံးစာရင်းတွေပျက်ဆီးတယ်။ ဒီရုံးမှာက စစ်ခွေးတွေလည်း ညဘက်အိပ်တာရှိတယ်။ လုံခြုံရေးတင်းကြပ်ထားလို့ ပျက်ဆီးမှု အသေးစိတ် မသိရသေးဘူး” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား တပ်ဖွဲ့ အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စစ်တပ် နှင့် စစ်တပ် ဒေါက်တိုင်များကို တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေး ပြောဆိုထားသည်။