မကွေးတိုင်းထဲက ဂုတ်စည်းရိုး တာဝါတိုင် စခန်း ကို AA သိမ်းပိုက် စစ်ကောင်စီ ၁၅၀ ကျော်သေဆုံး

by

in

မကွေးတိုင်းထဲက ဂုတ်စည်းရိုး တာဝါတိုင် စခန်း ကို AA သိမ်းပိုက်
စစ်ကောင်စီ ၁၅၀ ကျော်သေဆုံး
အဉ္စနလီညှင်း လေး၀တီ(FM)
၃ ဖေဖော်၀ါရီ ၂၀၂၅
မကွေးတိုင်း ငဖဲမြို့နယ် ထဲက ဂုတ်စီးရိုး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၁၅၀ ကျော်သေဆုံးပြီးနောက် ဂုတ်စီးစခန်းကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့တယ် လို့ မြေပြင်သတင်းရရှိပါတယ်။
ဖေဖော်ဝါရီ ၂ ရက် ညပိုင်းက စစ်ကောင်စီရဲ့ ဆက်သွယ်ရေးအတွက် အရေးပါလှတဲ့ ရခိုင်-မကွေးနယ်စပ်ပေါ်က ဂုတ်စီးရိုး စခန်းကို
AA က သိမ်းပိုက်ထိမ်းချုပ်လိုက်ပြီး တပ်သား ၅၀ ကျော်ကိုလည်း လက်ရဖမ်းဆီးခဲ့တယ်လို့ သတင်းရင်းမြစ် က ပြောပါတယ်။
“ဂုတ်စည်းရိုးမှာ တိုက်ပွဲက ၄ ရက်လောက်ပြင်းခဲ့တယ် ၊ အခု အကုန်နောက်ဆုတ်သွားပြီ AA ဘက်က သိမ်းလိုက်ပြီ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၁၅၀ ကျော်သေဆုံးခဲ့ပြီး ၅၀ ကျော် ဖမ်းဆီးနိုင်ခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ် ။
ဂုတ်စီးရိုးကျေးရွာ အနီးမှာ အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်းတွေ ဟာ အင်အား အခိုင်အမာနဲ့ ခုခံနေတာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ULA/AA နဲ့ စစ်ကောင်စီ တို့ ဟာ အပစ်ရပ်ရေးဆွေးနွေးညှိနှိုင်းတော့မယ့် အလားအလာတွေ ရှိနေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။
အာရက္ခတပ်တော်ဘက်က ရခိုင်ပြည်နဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်း ၊ ပဲခူးတိုင်း ၊ ဧရာဝတီ တိုင်းတို့ ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တော့မယ့်အနေအထား နဲ့ သတင်းဓာတ်ပုံတွေ ထုတ်ပြန်ခဲ့ပါသေးတယ်။
နှစ်ဖက်တိုက်ပွဲတွေဟာ အမ်း-ပဒန်းလမ်း နဲ့ တောင်ကုတ် -ပန်းတောင်းလမ်းပိုင်းတွေမှာ ဆက်လက်ပြင်ထန်နေပြီး စစ်ကောင်စီဘက်က
ဒရုန်းနဲ့ ကင်းထောက်လေယာဉ်တွေကို အသုံးပြုနေတာဖြစ်ပါတယ်။
စခန်းသိမ်းတိုက်ပွဲပြီးနောက်မှာ ဂုတ်စည်းရိုးကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲချမှုကြောင့် နေအိမ်အများအပြားမီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။