နိုင်ငံပိုင်မြေများရောင်းချနေသည့် မြောက်ဥက္ကလာ (ဌ)ရပ်ကွက်အုပ်ကြီးရုံးအား ပကဖ တိုက်ခိုက်

နိုင်ငံပိုင်မြေများရောင်းချနေသည့် မြောက်ဥက္ကလာ (ဌ)ရပ်ကွက်အုပ်ကြီးရုံးအား ပကဖ တိုက်ခိုက်
သတိုး/People’s Spring
နိုင်ငံပိုင်မြေများ ‌ရောင်းချနေသည့် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကြောင်း ယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“ညကတော့ ပြင်းထန်စွာဒဏ်ရာရ နှစ်ယောက်မှာ တစ်ကောင်ရှောတယ်ကြားတယ်”ဟု ၎င်းကပြောသည်။
(ဌ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဇန်နဝါရီ ၃၀ရက် ည ၁၀နာရီခန့်တွင် တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီအဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီအဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ နိုင်ငံပိုင်မြေများကို ဗိုလ်မှူးထွန်းထွန်းဝင်းက ရာအိမ်မှူး၊ ဆယ်အိမ်မှုးများဖြင့် ပူးပေါင်း၍ အကွက်ရိုက်ရောင်းချနေခြင်းဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဇန်နဝါရီ ၁၆ ရက်စွဲဖြင့် နိုင်ငံပိုင်မြေများကို တရားမဝင်ရောင်းချခြင်းသည် တရားဝင်မှုမရှိသောကြောင့် ဝယ်ယူခြင်းမပြုရန်နှင့် ဝယ်ယူထားပါက ပြန်လည်သိမ်းဆည်းခံရမည်ဟု အသိပေး ထုတ်ပြန်ထားသည်။
(ဌ)ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် မြေကွက်ရောင်းသည့်ကိစ္စတွင် ပါဝင်ပတ်သတ်နေသောကြောင့် ပြစ်ဒဏ်ခံစားရမည်ဟု မြောက်ဥက္ကလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၁၅ ရက်တွင် သတိပေးထားသည်။