စစ်တပ် အာဏာသိမ်း ၄ နှစ်ပြည့်တွင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် သားငယ် ကိုထိန်လင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာပို့

by

in

စစ်တပ် အာဏာသိမ်း ၄ နှစ်ပြည့်တွင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် သားငယ် ကိုထိန်လင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာပို့
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်

စစ်တပ် အာဏာသိမ်းထားသည်မှာ လေးနှစ်ရှိလာပြီဖြစ်သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထိန်းသိမ်းထားသည်မှာလည်း လေးနှစ်ပြည့်ပြီဖြစ်သည့် အတွက် မိခင်ဖြစ်သူကို ပြန်လွှတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်)ကင်မ်အဲရစ်က တောင်းဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်းသည် ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဗြိတိန်နိုင်ငံရှိ မြန်မာသံရုံးမှ တစ်ဆင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာပို့တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာစစ်တပ်က နိုင်ငံလွတ်လပ်ရေးအတွက် မကြောက်မရွံ့ကြိုးစားနေသူ ၇၉ နှစ်အရွယ် အမျိုးသမီး ကြီးကို မတရားချုပ်နှောင်ထားတာက မှားယွင်းသည့်လုပ်ရပ်ဖြစ်ပြီး သားတစ်ယောက် အနေဖြင့် အင်မတန်စိတ်ထိခိုက်ရကြောင်း ကိုထိန်လင်းက ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
” ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာ မေမေ့ကိုလွှတ်ပေးဖို့အတွက်တာင်းဆိုတဲ့စာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီပို့ဖို့ ရောက်နေတာဖြစ်ပါတယ်။ သူတို့တွေလက်ခံမယ်လို့လည်းမျှော်လင့်ပါတယ်။ သူတို့တံခါးမဖွင့်ပေးတဲ့အတွက် စာထည့်ဖို့အပေါက်ထဲကနေ စာကိုထားခဲ့လိုက်ပါတယ် ” ဟု ကိုထိန်လင်း (ခေါ်)ကင်မ်အဲရစ်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)သည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သော်လည်း ‌စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ်အုပ်ချုပ်ခွင့်မရစေရန် မတရားဖမ်းဆီးချုပ်နှောင်ခဲ့သည်။
” စစ်အစိုးရက ပြည်သူတွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ်ကို အင်မတန်ကြာက်တယ်။ မေမေချုပ်နှောင် ခံထားရတာ လေးနှစ်ရှိပါပြီ။ ဆယ်စုနှစ်များစွာ သူရဲ့လွတ်လပ်ခွင့်တွေ ဆုံးရှုံးပြီးတဲ့နောက်မှာပေါ့။ မေမေချစ်တဲ့ မြန်မာပြည်နဲ့ ပြည်သူတွေအတွက်ဆက်ပြီး ကြိုးစားပါ့မယ် “ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း က ဆိုသည်။
ကိုထိန်လင်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးချုပ်နှောင်ခံရသူ မိခင် ဒေါ်အောင်စုကြည်နှင့် တွေ့ခွင့်ရရန်၊ မိခင်ကျန်းမာ ရေးအခြေအနေသိခွင့်ရရန်နှင့် မိခင်အမြန်ဆုံး ပြန်လွတ်နိုင်‌ရေးအတွက် အစဉ်အမြဲကြိုးစားနေကြောင်းသိရသည်။
စစ်တပ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ခေါင်းဆောင်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခံခဲ့ခြင်း ဖြစ်ပြီး မတရားအမှုဆင်ထားသော အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရသည်။
သားနှစ်ယောက်မိခင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ဇွန် ၁၉ ရက်နေ့တွင် အသက် ၈၀ ပြည့်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ယခင်စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နဝတ/ နအဖစစ်အစိုးရခေတ်တွင်လည်း နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်ကျော် နေထိုင်ခဲ့ရသူဖြစ်သည်။
ဓာတ်ပုံ – AFP , လူမှုကွန်ရက်
#ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရန် #သားငယ်ကိုထိန်လင်း #တောင်းဆို #စစ်တပ် #အာဏာသိမ်း၄နှစ်ပြည့် #Ayeyarwaddy_Times