တောင်ကုတ်က စစ်ကောင်စီတပ် မိသားစုဝင်တွေကို ဥသျှစ်ပင်မြို့သို့ လျှို့ဝှက် ပြောင်းရွေ့ခိုင်းနေ

by

in

တောင်ကုတ်က စစ်ကောင်စီတပ် မိသားစုဝင်တွေကို ဥသျှစ်ပင်မြို့သို့ လျှို့ဝှက် ပြောင်းရွေ့ခိုင်းနေ
CJ Platform

အာရက္ခတပ်တော်မှ ဝန်းရံပိတ်ဆို့ထားတဲ့ ရခိုင်ပြည် တောင်ကုတ်မြို့က စစ်ကောင်စီတပ် မိသားစုဝင်တွေကို ပဲခူးတိုင်း ဥသျှစ်ပင်မြို့သို့ လျှို့ဝှက် ပြောင်းရွေ့ခိုင်းနေတယ်လို့ တောင်ကုတ်မြို့ကို ရောက်ရှိနေတဲ့ CJ Platform ရဲ့ Citizen Journalist က သတင်းပေးပို့ပါတယ်။
“ဩဂုတ် ၂၀ရက်နေ့ထဲက စပြီးတော့ ပြောင်းခိုင်းနေတာ၊ အိမ်စီးကားတွေ ဆိုင်ကယ်တွေနဲ့ ပြောင်းနေကြတယ်၊ အရပ်သားဟန်ဆောင်ပြီး ပြောင်းခိုင်းတာ၊ ဥသျှစ်ပင်က စစ်တပ်တွေထဲမှာ နေခိုင်းတယ်လို့ ကြားရပါတယ်”လို့ CJ Platform ရဲ့ Citizen Journalist က ပြောပါတယ်။
ဥသျှစ်ပင်မြို့ကို သွားသည့် လမ်းတလျှောက်တွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေကို ချထားပြီး အရပ်သားပြည်သူတွေကို ဖြတ်သန်းခွင့်မပြုဘူးလို့လည်း ဆိုပါတယ်။
“ပြည်သူတွေက သွားမရဘူး၊ လမ်းကိုပေးအဖြတ်မခံဘူး၊ တောလမ်းထဲက သွားရင်လည်း စစ်ကြောင်းနဲ့တိုးတာနဲ့ အသတ်ခံရတာ၊ လွန်ခဲ့တဲ့ရက်ပိုင်းက သင်ချေကိုင်းရွာက ပြည်သူတွေ စစ်ရှောင်ဖို့သွားတာ ခြောက်ယောက်အဖမ်းခံရပြီး လေးယောက်အပစ်ခံရလို့ သေသွားတယ်”လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို အခုလို ရွေ့ပြောင်းခိုင်းနေတာဟာ အရက္ခတပ်တော် AA က တောင်ကုတ်မြို့ကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ စစ်သားတွေ လက်နက်ချမှာစိုးရိမ်လို့ မိသားစုဝင်တွေကို ကြိုတင်ခေါ်ဆောင်ထားတာဖြစ်တယ်လို့လည်း သတင်းစကားတွေ ထွက်ပေါ်နေပါတယ်။
တောင်ကုတ်မြို့အနီးဝန်းကျင်မှာ လက်နက်ကြီး ပစ်ခတ်သံတွေနဲ့ လက်နက်ငယ် ပစ်ခတ်သံတွေ နေ့စဉ်နီးပါး ထွက်ပေါ်နေပေမယ့် မြို့ပေါ်တိုက်ပွဲတွေတော့ ဖြစ်ပွားလာခြင်း မရှိသေးပါဘူး။
🖋စကားဝါ
ဓာတ်ပုံ – လူမှုကွန်ရက်
#CJPlatform #ရခိုင်ပြည် #တောင်ကုတ်မြို့