ဧရာဝတီတိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီဟု AYA PDF အမှတ်(၂၉)ဗျူဟာ ထုတ်ပြန်

by

in

ဧရာဝတီတိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီဟု AYA PDF အမှတ်(၂၉)ဗျူဟာ ထုတ်ပြန်ဧရာဝတီတိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီဟု AYA PDF အမှတ်(၂၉)ဗျူဟာ ထုတ်ပြန်
မင်းထက်
မဇ္စျိမ။ ။ ဧရာဝတီတိုင်းစစ်ဌာန၊ AYA PDF အမှတ်(၂၉) ဗျူဟာအနေဖြင့် ဧရာဝတီတိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီဖြစ်ကြောင်း အဆိုပါ ဗျူဟာက ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်သည်။
AYA PDF အမှတ်(၂၉) ဗျူဟာ၏ အပတ်စဉ် (၆) စစ်သင် တန်းအတွက် သင်တန်းသား တပ်ဖွဲ့ဝင်သစ်များခေါ်ယူသည့် ထုတ်ပြန်ချက်တွင် ထိုသို့ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
“မဟာမိတ်များနှင့်အတူ ခြေသံလုံလုံဖြင့် စစ်ရေးအတွေ့အကြုံများကို လေ့ကျင့်သင်ယူရင်း ဧရာဝတီတိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီ” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
AYA PDF အမှတ်(၂၉) ဗျူဟာသည် အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဧရာဝတီတိုင်းစစ်ဌာန၏ ကွပ်ကဲအုပ်ချုပ်မှုတွင်ရှိသည့် ဗျူဟာတခု ဖြစ်သည်။
ထိုသို့ ထုတ်ပြန်ထားမှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများအကြောင်း AYA PDF အမှတ် (၂၉) ဗျူဟာထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ထုတ်ပြန်ထားသည့်အတိုင်းသာဖြစ်ကြောင်း ပြောသည်။
ရခိုင်ပြည်နယ်၊ ဂွမြို့သိမ်းတိုက်ပွဲအပြီး ဇန်နဝါရီလ အစပိုင်းမှစတင်ကာ ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ဂွ-ငါးသိုင်းချောင်းလမ်းပိုင်းနှင့် ပုသိမ်မြို့နယ် မကျီးဇင်၊ ဘောမိကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများက ပြောသည်။
ထိုတိုက်ပွဲများအတွင်း အာရက္ခတပ်တော်(AA)နှင့်အတူ ဧရာဝတီတိုင်းမှ တော်လှန်ရေးတပ်ဖွဲ့များပါ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများ၏ အဆိုအရ သိရသည်။
သို့သော် ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တိုင်းစစ်ဌာန-ဧရာဝ တီနှင့် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ သတင်းထုတ်ပြန်မှု တစုံတရာ မတွေ့ရသေးပေ။
အာရက္ခတပ်တော်(AA)ဘက်ကမူ ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ပွိုင့်(၂၆၃) စခန်းနှင့် ပွိုင့်(၃၆၉) စခန်းတို့ကို သိမ်းပိုက်ထားပြီး ဧရာဝတီ-ရခိုင်ပြည်နယ်အစပ် နေရာအချို့တွင် တိုက်ပွဲများပြင်းထန်နေသည်ဟု ဇန်နဝါရီ ၂၇ ရက်က ထုတ်ပြန်ထားသည်။
လက်ရှိတွင် AA နှင့် ပူးပေါင်းတပ်များသည် ဂွ-ငါးသိုင်းချောင်း လမ်းပိုင်းမှ စစ်ကောင်စီတပ်စခန်းအချို့နှင့် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာရဲစခန်း၊ ဘောမိကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကိုသိမ်းပိုက်ထားသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ရွှေသောင်ယံမြို့အနီးရှိ တိုက်ပွဲများကြောင့် ဒေသခံအများအပြားသည် ပုသိမ်မြို့ပေါ်အပါအဝင် အနီးပတ်ဝန်းကျင်မြို့များသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
စာတည်း – သန့်ဇော်(သန်လျင်)
ပုံအညွှန်း- AYA PDF အမှတ် (၂၉) ဗျူဟာ၊ အပတ်စဉ် (၄) မှ သင်တန်းသားများ အခြေခံ စစ်ပညာလေ့ကျင့်နေစဥ်။ ဓာတ်ပုံ- AYA PDF အမှတ် (၂၉) ဗျူဟာ။
#mizzima