ဝေဖန်သူကို ပါးရိုက်ပြီး ခြေဖဝါးထိကန်တော့ခိုင်းမှုအတွက် ဟာသသရုပ်ဆောင်မွန်လေး တောင်းပန်

by

in

ဝေဖန်သူကို ပါးရိုက်ပြီး ခြေဖဝါးထိကန်တော့ခိုင်းမှုအတွက် ဟာသသရုပ်ဆောင်မွန်လေး တောင်းပန်
ကီရာ

မဇ္ဈိမ။ ။ဟာသသရုပ်ဆောင်မွန်လေးက ၎င်းအားဝေဖန်သူတဦးကို ဒူးထောက်ခိုင်းကာ ပါးရိုက်ပြီးနောက် ခြေဖဝါးထိကန်တော့ခိုင်းသည့် ရုပ်သံဖိုင်လူမှုကွန်ရက်၌တင်ခဲ့မိခြင်းအတွက် တောင်းပန်လိုက်သည်။
အဆိုပါရုပ်သံဖိုင်တွင် ဒူးထောက်နေသူက “အွန်လိုင်းပေါ်မှာ ကိုမွန်လေးကို မဟုတ်မမှန်လာမန့်ထားတဲ့ မန့်ကို ထောက်ခံပြီးတော့ မန့်မိတဲ့အတွက် ကိုမွန်လေးကို လူသိထင်ရှားတောင်းပန်တာပါ” ဟု ပြောဆို ထားပြီး “မင်းနောက်တခါပြောဦးမလား အာချောင်ဦးမလား၊ အခု မင်းမှားလား ငါမှားလား”ဟု ပြော၍ ပါးရိုက်ခဲ့ပြီး “ငါသဘောအရမ်းကောင်းနေလို့နော် သွားတွေပြုတ်ထွက်ကုန်မယ်၊ ငါ့ကိုကန်တော့ပြီး တောင်းပန်၊ ခြေဖဝါးကိုထိပြီးတောင်းပန်”ဟု ပြောဆိုထားသည်ကို တွေ့ရသည်။
ယခုကဲ့သို့ ဟာသသရုပ်ဆောင်မွန်လေး၏ လူမိုက်ဆန်ဆန်လုပ်ပြနေသည့်ကိုမြင်တွေ့ရသည်မှာ မြန်မာ ပြည်၏ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေခြင်းကို အတိအလင်းဖော်ပြနေခြင်းဖြစ်ကြောင်း ကြည့်ရှုသူတဦး ကပြောသည်။
“ကြည့်ပြီး တကယ်ရွံလည်းရွံ၊ ကြောက်လည်းကြောက်မိတယ်။ ဒီလို လူမိုက်ဆန်ဆန် ရမ်းကားမိုက်ရိုင်းရဲ လောက်အောင် ဘာကိုမှဂရုစိုက်စရာမလိုဘူးဆိုတဲ့သူ့ပုံစံက မြန်မာပြည်က ဘယ်လောက်တောင် ဥပဒေ စိုးမိုးမှုကင်းမဲ့နေလဲဆိုတာ အတိအလင်း ပြောပြလိုက်သလိုပဲ။ ကျွန်တော်တို့လို သာမန်ပြည်သူ တွေအနေနဲ့ကတော့ စစ်သားနဲ့ ရဲအပြင် အဲဒီလိုကောင်တွေကိုပါ သတိထားရတော့မှာ”ဟု ပြောသည်။
ယခုကဲ့သို့ လူမှုကွန်ရက်၌လူပြောများနေသည့် လူတဦးအား ဒူးထောက်ခိုင်းပြီးပါးရိုက်သည့် ဗီဒီယိုနှင့် ပတ်သက်၍ မခံချင်စိတ်ကြောင့် ပါးရိုက်ခဲ့မိခြင်းဖြစ်ကြောင်း ဟာသသရုပ်ဆောင်မွန်လေးက ပြောသည်။
“အကို့ဘက်က အမှန်ကနေ မခံချင်စိတ်လေးတခုကြောင့် အမှားဖြစ်သလိုဖြစ်နေပေမယ့် အများသူငှာ ရေး သားနေသလို မဟုတ်ရပါဘူး။ အေးအေးချမ်းချမ်းနဲ့ ဘဝမှာလှူဒါန်းပေးကမ်းပြီး အေးဆေးနေထိုင်သူပါ။ အားလုံးရေးသားဝေဖန်နေသလို လူမိုက်လည်း မဟုတ်ပါဘူး။ အကို့ကိုစော်ကားလို့ မဟုတ်မခံတတ်တဲ့ စိတ်ကြောင့် ဖြစ်သွားတာပါ”ဟု ၎င်းကပြောသည်။
လူမှုကွန်ရက်တွင် ငါးကြိမ်ထက်မနည်း မကောင်းသည့်မှတ်ချက်များ ရေးသားဝေဖန်နေသည့်အတွက် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့က ၎င်းနေထိုင်ရာနေရာသို့ သွားရောက်ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး အဆို ပါ ဗီဒီယိုကို ၎င်းကိုယ်တိုင် လူမှုကွန်ရက်တွင်တင်ခဲ့ရာမှ ယခုကဲ့သို့ ဝေဖန်မှုများဖြစ်လာခြင်း ဖြစ်သည်။
“သူကိုယ်တိုင်လည်း အကြိမ်ကြိမ် ဝင်ရောက်ရေးသားထားသူပါ။ သူကိုယ်တိုင် အကြိမ်ကြိမ် ပြောဆိုရေး သားသူပါ။ သူများတွေကိုလည်း ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်တဲ့သူပါ”ဟု မွန်လေးက ပြော သည်။
ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မွန်လေးက ပါးရိုက်ခဲ့သည့်ဗီဒီယိုနှင့်ပတ်သက်၍ ပြန်လည်တောင်းပန် ထားပြီး ယင်းအောက်တွင်လည်း “တရားဥပဒေရဲ့အထက်မှာ မွန်လေးရှိတယ်။ ငွေ၊ ဂွင်၊ အထာ၊ လမ်း ကြောင်း၊ လူမိုက်အားလုံးပိုင်တဲ့အနေအထားရှိတယ်။ သွားရှုပ်လို့မရဘူး။ အခုတောင် စီးပွားပျက်မှာစိုး လို့ဗီဒီယိုနဲ့တောင်းပန်နေတာ ကျန်တာစိတ်မဝင်စား” ဟူ၍ လည်းကောင်း၊ အဓိက က မဟုတ်မခံ စိတ်ကြောင့်မဟုတ်ပါဘူး။ ပိုက်ဆံရှိလာလို့ ဂုဏ်ဆာလာတာပါ”ဟုလည်းကောင်း လူမှုကွန်ရက်အသုံး ပြုသူများက ဝေဖန်ရေးသားနေကြသည်ကိုလည်း တွေ့ရသည်။
ဟာသ သရုပ်ဆောင်မွန်လေးက ၎င်းအနေဖြင့် မဟုတ်မခံစိတ်ဖြင့် ရိုက်ခဲ့မိခြင်းဖြစ်ပြီး မိသားစုဂုဏ်သိက္ခာ မထိခိုက်စေရန် မျက်နှာကိုဖုံးအုပ်ပြီးမှသာတင်ခဲ့ခြင်းဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်တွင် စော်ကားထားခြင်းကို လက်စားချေသည်အနေဖြင့် ဆိုရှယ်မီဒီယာတွင်ပြန်တင်ခြင်းသာဖြစ်ကြောင်း တောင်းပန်ထားသည်။
ဟာသ သရုပ်ဆောင်မွန်လေးသည် စစ်ကောင်စီကိုထောက်ခံအားပေးသည့် ဟာသရုပ်ဆောင်ဒိန်းဒေါင်၏ တပည့်ဖြစ်ကာ အနုပညာလုပ်ငန်းများအတူလုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် အိမ်ခြံမြေအကျိုးဆောင်အဖြစ် လုပ်ကိုင်နေကြောင်း အနုပညာအသိုင်းအဝိုင်းမှ သိရသည်။