စစ်မှုထမ်းကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများနှင့် ပုဂ္ဂလိကတဦးချင်း၏ပြောဆိုမှု ပုံကြီးချဲ့ခြင်းဟု စစ်မှုထမ်း ဗဟိုအဖွဲ့ စွပ်စွဲ

by

in

စစ်မှုထမ်းကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများနှင့် ပုဂ္ဂလိကတဦးချင်း၏ပြောဆိုမှု ပုံကြီးချဲ့ခြင်းဟု စစ်မှုထမ်း ဗဟိုအဖွဲ့ စွပ်စွဲ
001
မဇ္ဈိမ။ ။စစ်မှုထမ်းကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများသာမက ပုဂ္ဂလိကတဦးချင်းကပါ ထောက်ပြပြောဆို မှုများရှိပြီး အများစုသည် စစ်မှုထမ်းဆင့်ခေါ်မှု ပုံရိပ်ထိခိုက်ကျဆင်းစေရန် ပုံကြီးချဲ့ဆောင်ရွက်ခြင်းဖြစ် ကြောင်း စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဉက္ကဋ္ဌဗိုလ်ချုပ်ကြီးမောင်မောင်အေးက စွပ်စွဲ ပြောဆိုသည်။
စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့်ပတ်သက်ပြီး ရပ်ကွက်၊ ကျေးရွာအဆင့်မှစ၍ မြို့နယ်၊ ခရိုင်စသည့် အဆင့်ဆင့် ၏အားနည်းချက်များကို အများစုက သတင်းမှန်အနည်းငယ်ကိုအခြေခံပြီး ပုံကြီးချဲ့ဆောင်ရွက်ခြင်းဖြစ် ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့ကကျင်းပသည့် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း ဝေးတွင် ၎င်းက စွပ်စွဲခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲများအတွင်း အင်အားပြုန်းတီးနေသည့် စစ်ကောင်စီအနေဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်မှု ထမ်းဉပဒေကိုအသက်သွင်းခဲ့ရာ ထိုဉပဒေကိုအကြောင်းပြပြီး ပြည်သူများအ‌ပေါ် ငွေတောင်းခံမှုများ၊ ပေါ်တာဆွဲသည့်အတွက် ငွေဖြင့်ပြန်ရွေးရသည့်ဖြစ်စဉ်များ၊ ရန်ကုန်လေဆိပ်တွင် ပြည်ပထွက်ခွင့် တင်း ကျပ်လာပြီး ပြည်ပထွက်ခွာမည့်သူများနှင့် ပြည်ပကပြန်လာသူများကို သက်ဆိုင်ရာက ငွေညှစ်မှုများကို သတင်းမီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြကြသည်ကို တွေ့ရသည်။
စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်တွင်လည်း ယခင် စစ်မှုထမ်းအပတ်စဉ်များတွင် စစ်မှုမထမ်းရရေး စစ် ကောင်စီအုပ်ချုပ်ရေးအဖွဲ့များကို ငွေကြေးပေးဆောင်ရမှုများရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
“အဲဒါက ပုံသေမရှိဘူး။ သူတို့နဲ့ပတ်သက်ရာ ပတ်သက်ကြောင်း ရင်းနှီးရင်ရင်းနှီးသလို၊ မရင်းနှီးရင် ကျပ် သိန်း ၁၀၀ လောက်ပေးရတယ်။ ရင်းနှီးတဲ့သူတွေတောင် ၆၀ ၊ ၇၀ ပေးရတယ်” ဟု နေပြည်တော်ရှိ မြို့ခံ တဦးက ပြောသည်။
စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက တာဝန်ရှိသူများအနေဖြင့် စစ်မှု ထမ်းဉပဒေအပေါ် မမှန်မကန်ဆောင်ရွက်မှုများရှိကြောင်းတွေ့ရှိပါက အရေးသွားရန်လိုမည်ဖြစ်ကြောင်း၊ မတရားပြုလုပ်ကြောင်း မှန်ကန်သည့်အတွက် ထိရောက်စွာအရေးယူသွားရန်၊ အရေးယူပြီးနှင့် အရေးယူ ဆဲအမှုများလည်းရှိနေကြောင်းလည်း ထည့်သွင်းပြောဆိုသည်။
ထို့ပြင် စစ်မှုထမ်းကိစ္စနှင့် ပတ်သက်ပြီး လုပ်ကြံပြောဆို ဝါဒဖြန့်ခြင်း၊ မမှန်မကန်တိုင်ကြားခြင်းများ ရှိပါ က ဖော်ထုတ်အရေးယူသွားရန်လိုအပ်ကြောင်းလည်း ညွှန်ကြားသည်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အသက်သွင်းခဲ့ပြီးနောက် လူငယ်များကိုဖမ်းဆီးကာ စစ်သင်တန်းများသို့ပို့ဆောင်နေရာ အပတ်စဥ်(၉)အထိရောက်ရှိလာပြီဖြစ် သည်။
လက်ရှိတွင် စစ်မှုထမ်းဥပဒေအသက်သွင်းပြီးတနှစ်နီးပါးအကြာတွင် စစ်မှုထမ်းအမိန့်စာရသူများကို ဗဟို အဖွဲ့၏ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွင့်မပြုရေးအပါအဝင် ကန့်သတ်ချုပ်ချယ်မှုများ ပါဝင်သည့် စစ်မှု ထမ်းနည်းဉပဒေမှာလည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ထွက်ရှိခဲ့သည်။
စာတည်း။ ။စောဖေ
ပုံအညွှန်း – စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဉက္ကဌ ဗိုလ်ချုပ်ကြီးမောင်မောင်အေး
#ပြည်သူ့စစ်မှုထမ်းဥပဒေ