ရန်ကုန်မှာ အမျိုးသမီးစစ်မှုထမ်းစာရင်း ကောက်ယူနေ
~~~
■ ရန်ကုန်တိုင်း သန်လျင်၊ ကျေက်တန်း၊ ခရမ်း၊ သုံးခွ၊ ဒေါပုံ၊ သာကေတ၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း) စတဲ့ မြို့နယ်တွေမှာ ဇန်နဝါရီလ ဒုတိယပတ်လောက်ကစပြီး စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အကြား အမျိုးသမီးတွေ စာရင်းကို စစ်ကောင်စီ ဒေသအာဏာပိုင်တွေ ကောက်ယူနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အမျိုးသမီးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုပါ ကောက်ယူတာဖြစ်ပြီး ခရီးဝေးသွားမယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွေကို အကြောင်းကြားပေးဖို့လည်း တစ်ပါတည်း အသိပေးတာတွေရှိတယ်လို့ ပြောပါတယ်။
စာရင်းကောက်ယူတဲ့အထဲမှာ အသက် ၂၀ အရွယ် သမီးဖြစ်သူ ပါသွားတာကြောင့် စိတ်သောက ရောက်နေရတယ်လို့ သာကေတမြို့နယ်မှာ နေထိုင်သူတစ်ယောက်က RFA ကို ပြောပါတယ်။
“အမျိုးသမီးတွေကို ခေါ်ဖို့စာရင်းတော့ စကောက်သွားပြီ၊ ကျောင်းသားတွေ တော်တော်များများ ပါသွားတယ်။ သမီးကတော့ ၂၀ လေ။ ၂၀ ဆိုတော့ ပါသွားတာပေါ့။ နာမည်စာရင်းကောက်သွားတာ မဟုတ်ဘူး။ သူတို့စာရင်းနဲ့ လာတာ။ ထွေအုပ်ကစာရင်းနဲ့လာတာ။ အိမ်ထောင်စုဇယားထဲမှာ ဘယ်လောက်ရှိတယ်ဆိုပြီး တွက်ချက်ပြီး လာတာပေါ့လေ။ သာကေတဘက်မှာတော့ ဆူညံပွက်လောရိုက်နေတာပဲ”
သမီးဖြစ်သူဟာ အရှေ့ပိုင်းတက္ကသိုလ်မှာ ကျောင်းတက်ရောက်နေဆဲဖြစ်လို့ ဆိုင်းငံ့ပေးဖို့ အုပ်ချုပ်ရေးမှူးကို သွားရောက်ပြောဆိုခဲ့ပေမဲ့ လက်မခံခဲ့ဘူးလို့ ပြောပါတယ်။
စစ်မှုထမ်းဥပဒေမှာ အိမ်ထောင်သည်အမျိုးသမီးတွေကို ကင်းလွတ်ခွင့်ပြုထားတာပါ။ ဒါပေမဲ့ ခရမ်းမြို့နယ်မှာ တော့ သားသမီးမရှိသေးတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေကိုပါ စာရင်းထဲ ထည့်ထားတယ်လို့ ကိုယ်တိုင် စာရင်း ပေးထားရတဲ့ ခရမ်းမြို့ခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“အုပ်ချုပ်ရေးမှူးကနေပြီးတော့ ရွာထဲမှာရှိတဲ့ မိန်းကလေးတွေ ၁၈ နှစ်အထက် ၂၇ အောက်ပေါ့နော်။ အဲဒီလို မိန်းကလေးတွေကို စာရင်းထဲမှာထည့်ပြီးတော့ မဲနှိုက်ရမယ်ဆိုပြီးတော့ ပြောတာပေါ့နော်။ ဥပဒေထဲမှာ အိမ်ထောင်သည်ဆို မပါဘူးလို့ ပြောတယ်။ ဘာလို့ ကျွန်မနာမည်ထည့်တာလဲဆိုတော့ ကိုယ်ဝန်မရှိဘူးဆိုရင်၊ ကလေးမရှိဘူးဆိုရင် စစ်မှုထမ်းကို ထမ်းရမယ်လို့ ပြောတယ်”
ဒီကိစ္စနဲ့ပတ်သက်လို့ နေပြည်တော်အခြေစိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံးကို RFA က ဆက်သွယ်မေးမြန်းရာမှာ လောလောဆယ် အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာမရှိသေးတဲ့အတွက် လူအင်အားစာရင်းကောက်တာမျိုးသာ ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားပါတယ်။
“အမျိုးသမီး စစ်မှုထမ်းအတွက်ကို ကျွန်တော်တို့ခေါ်တာ မရှိသေးဘူးလေ။ အကျုံးဝင်တဲ့အသက်အရွယ်ကို စာရင်းကောက်ယူထားတာ။ ၁၈-၃၅ နဲ့ ၁၈-၂၇ အမျိုးသမီးတွေရဲ့ အကျုံးဝင်တဲ့စာရင်းလေးတွေကို ရပ်ကွက်အလိုက် စာရင်းပြုစုတာဖြစ်မယ်။ သန်းခေါင်စာရင်း ပုံစံပေါ့။ အခြေခံလူအင်အားစာရင်းပေါ့။ အမျိုးသမီးစစ်မှုထမ်းဖို့ သီးခြားဆင့်ခေါ်တာ မဟုတ်သေးဘူး”
စစ်ကောင်စီဘက်က အမျိုးသမီး စစ်မှုထမ်းတွေ ဆင့်ခေါ်တာမရှိသေးဘူးလို့ ငြင်းပေမဲ့ CDM ဗိုလ်ကြီးဇင်ယော်ကတော့ အခုလိုအမျိုးသမီးတွေ စာရင်းစုဆောင်းတာဟာ စစ်မှုထမ်းသင်တန်းအတွက် အမျိုးသမီးတွေကိုပါ ခေါ်ယူဖို့ ကြိုးစားလာတာလို့ သုံးသပ်ပါတယ်။
“စစ်ကောင်စီက သူတို့ငြင်းပြီဆိုရင် မှန်တာများတယ်။ သို့ပေမဲ့လည်း လက်ရှိအနေအထားအရ တိုက်ခိုက်ရေးကို အရေးတကြီး လိုတာဖြစ်တဲ့အတွက် အမျိုးသမီးတွေကို ချန်လှပ်ထားဦးမယ်လို့ ထင်တယ်။ ဒါပေမဲ့လည်း ပြောလို့တော့မရဘူး။ စစ်ခေါင်းဆောင်(မင်းအောင်လှိုင်) ရဲ့စိတ်က ဟိုတုန်းကလည်း အမျိုးသမီးအရာရှိတွေ ခေါ်တယ်။ စစ်သမီးလို့ခေါ်တဲ့ အမျိုးသမီးစစ်မှုထမ်းတွေကို ခေါ်ပြီးတော့ အစားထိုးတာတွေရှိတယ်”
စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ အသက်အရွယ်သတ်မှတ်ချက်အတွင်း အကျုံးဝင်တဲ့ အမျိုးသမီးတွေကို စစ်မှုထမ်းသင်တန်း အပတ်စဉ် (၅) ကစပြီး ခေါ်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်တွင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာနေတဲ့ မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ စစ်တမ်းအရ ပြီးခဲ့တဲ့နှစ်လယ်လောက်ကတည်းက မွန်ပြည်နယ် ဆယ်မြို့နယ်သာမက ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက လူငယ်အမျိုးသမီးတွေပါ စစ်မှုထမ်းဖို့ စုဆောင်းခံနေရပါတယ်။ ရန်ကုန်တိုင်းက မြို့နယ်တချို့မှာတော့ အခုရက်ပိုင်းမှာ စစ်မှုထမ်းဥပဒေအရ အသက်အရွယ်သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အမျိုးသမီးတွေစာရင်း စုဆောင်းလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီအသက်သွင်းထားတဲ့ စစ်မှုထမ်းဥပဒေမှာ စစ်မှုထမ်းရမဲ့သူတွေဟာ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နဲ့ အမျိုးသမီးဆိုရင် ၁၈ နှစ်ကနေ ၂၇ ထိ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် အတတ်ပညာတစ်ရပ် ရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူဆိုရင် အမျိုးသားက ၄၅ နှစ်အထိနဲ့ အမျိုးသမီးက ၃၅ ထိ အကျုံးဝင်ပါတယ်။
စစ်မှုထမ်းဖို့ ပျက်ကွက်တာ၊ ရှောင်တိမ်းဖို့ကြိုးစားရင် ထောင်ဒဏ် သုံးနှစ်ကနေ ငါးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာလည်း စစ်မှုထမ်းဖို့ အမိန့်စာဆင့်ခေါ်ခံရသူတွေကို ပြည်ပနိုင်ငံတွေဆီ ထွက်ခွာခွင့် ပိတ်ပင်တဲ့ ပုဒ်မတွေကို စစ်ကောင်စီက ထည့်သွင်း ပြဋ္ဌာန်းထားပါတယ်။
____________
#စစ်မှုထမ်းစာရင်းကောက် #အမျိုးသမီး #ရန်ကုန် #လွတ်လပ်တဲ့အာရှအသံ #rfaburmese