ဧရာဝတီ-ရခိုင်တိုက်ပွဲတွင်းသေဆုံးသည့် စစ်ကောင်စီတပ်သားများကို ပုသိမ်မီးသဂြိုဟ်စက်တွင် နေ့စဉ် သဂြိုဟ်နေရ
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် တိုက်ပွဲမှဒဏ်ရာရရှိသူများကို ပို့ ဆောင်ထားပြီး သေဆုံးသူများကို ပုသိမ်မီးသဂြိုဟ်စက်တွင် နေ့စဉ်သဂြိုဟ်နေရကြောင်း သိရသည်။
ဧရာဝတီ-ရခိုင်အစပ် စစ်မြေပြင်မှ ဒဏ်ရာရရှိ၍ ဆေးဝါးကုသမှုခံယူနေရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ သေဆုံးသူများကို ပုသိမ်မြို့ရှိ ရွှေမြင်တင်မီးသဂြိုဟ်စက်တွင် ပို့ဆောင်မီးသဂြိုဟ်နေရကြောင်း ပုသိမ်သတင်းရင်းမြစ်ထံမှ သိရသည်။
“နတခ မဆရ ၄ ထဲကိုခေါ်ပြီး ဆေးကုနေရတဲ့သူတွေ မနည်းဘူး။ အဲဒီကထွက်လာတဲ့ အလောင်းတွေလည်း သဂြိုဟ်နေရတာ မနည်းဘူး”ဟု ဧရာဝတီတိုင်းသတင်းရင်းမြစ်ကပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက် နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဘဝဆည်းဆာကား၊ စစ်သုံးဖောကားနှစ်စီး၊ အမျိုးသမီးများလိုက်ပါလာသည့် မီနီဘတ်စ်တစ်စီး၊ ကားအဝါရောင်တစ်စီး စုစုပေါင်း ကားငါးစီးဖြင့် သေဆုံးသည့် စစ်ကောင်စီတပ်သားများကို သယ်ဆောင်လာကာ နိုင်ငံတော်အလံအုပ်ပြီး မီးသဂြိုဟ်ခဲ့ ကြောင်း သိရသည်။
AA က ဧရာဝတီတိုင်းနှင့် နယ်မြေထိစပ်နေသည့် ဂွမြို့နယ်ကို သိမ်းပိုက်ပြီးနောက် ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်သားများ ခံစစ်အထူးပြင်ဆင်ထားသည့် စခန်း ဍများအထိကိုပါ တိုက်ခိုက်လာခြင်းဖြစ်သည်။
ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီ၏ တင့်ကားများပါ ပို့ဆောင်ခံစစ်ပြင်ထားသော မကျီးဇင်နှင့် ဘောမိတို့ AAလက်ထဲကျသွားပြီးနောက် ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်မြို့နယ်အတွင်း၌ပါ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများတွင် ဒဏ်ရာရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်း နေ့စဉ်ခေါ်ဆောင်နေရပြီး ဆေးကုသမှုပေးနေရသည့်အပြင် သေဆုံးသူများအလွန်များ၍ ရွှေမြင်တင် မီးသဂြိုဟ်စက်တွင်ပါ ပို့ဆောင်မီးသဂြိုဟ်နေခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ် ချင်းစု ကျေးရွာအနီး၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက ခံစစ်အတွက် ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ လုံခြုံရေးတိုးမြှင့်ထားကြောင်း ဒေသခံများထံမှ သိရသည်။
#ဧရာဝတီ #ပုသိမ် #မီးသဂြိုဟ်စက် #စစ်
ကောင်စီ #Ayeyarwaddy_Times