လေဆိပ်နှင့် သံချပ်ကာတပ်ရင်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဗန်းမော်မြို့ကို လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေပြီး တိုက်ပွဲပြင်းထန်နေ
ဗန်းမော် – ဇန်နဝါရီ ၂၆၊ ၂၀၂၅။
ဗန်းမော်မြို့၊ လေဆိပ်နှင့် သံချပ်ကာတပ်ရင်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်းမှ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ယမန်နေ့က လေဆိပ်အနီးရှိကာကင်းစခန်းများကို ရှင်းလင်းကာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။
“ပထမတစ်ခေါက်က တစ်ကွင်းလုံးကို သိမ်းနိုင်တာမဟုတ်ဘူး။ ရှေ့ကကာကင်းတွေ လေဆိပ်နားမှာထိုင်ထားတဲ့ စခန်းတွေကိုသိမ်းလိုက်တာ။ လေယာဉ်ပစ်ကူတွေနဲ့ စကခ (၂၁)က လက်နက်ကြီးပစ်ကူတွေနဲ့ ဝင်လို့မရနိုင်ဘူး။ အခုတော့အပြီးသတ်သိမ်းလိုက်တာ” ဟုပြောသည်။
ထွက်ပေါ်လာသော ရုပ်သံမှတ်တမ်းများအရ လေဆိပ်အတွင်းရှိ စက်သုံးဆီပန့်ကို KIA ပူးပေါင်းတပ်ဖွဲ့က မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသံချပ်ကာတပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ရာတွင် တင့်ကား ခုနှစ်စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်ဖွဲ့ဝင် အကျအဆုံးများခဲ့ပြီး စ.က.ခ (၂၁) ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ယနေ့တွင်လည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် အကြိမ် (၃၀) ခန့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KIA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“လေယာဉ်ကွင်းကိုတော့ မနေ့ညက သိမ်းလိုက်တာ၊ ဒီနေ့လည်း အပြင်းအထန်ပါပဲ၊ လေယာဉ်နဲ့ လာပစ်တာ အခုလည်း ပစ်နေတုန်း အကြိမ် ၃၀ ကျော်နေပြီ။ တပ်ဖွဲ့ဝင်တွေ ကျတာလည်း အရမ်းများတယ်၊ ခုနက သတင်းပေးလာတယ်၊ လေယာဉ်နဲ့ အသားကုန်ပစ်နေလို့ စကခ ၂၁ ကိုရဖို့ နည်းနည်းလိုသေးတယ်လို့ပြောတယ်” ဟု ပြောသည်။
ကချင်လွတ်မြောက်ရေးတပ် (KIA) က ဗန်းမော်မြို့ဒေသခံပြည်သူများကို ထွက်ခွာခိုင်းပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့မှစတင်ကာ စ.က.ခ (၂၁)၊ ခ.လ.ရ (၄၇) နှင့် သံချပ်ကာတပ်ရင်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗန်းမော်မြို့ စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“အခုမှ ဗန်းမော်ထိုးစစ်စတယ်၊ မြို့ထဲမှာရှိတဲ့ ပြည်သူတွေကို အကုန်ထွက်ခိုင်းလို့ ထွက်လာကြပြီ၊ ရိုးကြီး၊ ဆင်ကုန်း၊ ပေါက်ကုန်းဘက်က ထွက်လာကြပြီ၊ ဗန်းမော်ထဲ ဝင်ခွင့်မပြုတော့ဘူး၊ အထွက်တော့ ရတယ်” ဟု ပြောသည်။
KIA ပူးပေါင်းတပ်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က စပြီး ဗန်းမော်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရက်ပေါင်း ၅၀ ကျော်အတွင်း စစ်ကောင်စီရဲစခန်း၊ ထွေအုပ်ရုံး၊ ဌာနဆိုင်ရာရုံးများ၊ သံချပ်ကားတပ်ရင်းနှင့် လေဆိပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
သတင်း – Pan Soon၊ Dureng၊ Thu Ta
ဓာတ်ပုံ – ယမန်နေ့က KIA ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဗန်းမော်မြို့ရှိ လေဆိပ်။