အမျိုးသမီးများ စစ်မှုထမ်းဆောင်ရန် သန်လျင်တွင် စာရင်းစတင်ကောက်ယူ ဧရာဝတီတိုင်းမ်

by

in

အမျိုးသမီးများ စစ်မှုထမ်းဆောင်ရန် သန်လျင်တွင် စာရင်းစတင်ကောက်ယူ
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်
စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်မှုထမ်းဆောင်ရန် အမျိုးသမီးများကိုပါ စာရင်း စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။
သန်လျင်မြို့၊ ဗိုလ်ချုပ်ကျေးရွာအုပ်စုတွင် ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်နေ့က အသက် ၁၈ နှစ်နှင့် ၂၇ နှစ်ကြားရှိ စစ်မှုထမ်းရန်အကျုံးဝင်သည့် အမျိုးသမီးများ စာရင်းကို ကောက်ယူခဲ့ကြောင်း သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာနေ အမျိုးသမီးတစ်ဦးထံက သိရသည်။
“မိန်းမတွေကိုပါ စာရင်းတွေကောက်နေပြီ။ စာရင်းထဲတွေ့လိုက်တာ အယောက် ၂၀ လောက်ရှိတယ် “ဟု သန်လျင်မြို့နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် သာကေတမြို့နယ်၊ တာမွေမြို့နယ်တို့ရှိ ရပ်ကွက်နှင့် လမ်းအချို့တွင်လည်း စစ်မှုထမ်း‌ ဆောင်ရမည့်အမျိုးသမီးများစာရင်းကို ကောက်ယူသွားကြောင်း ဒေသခံများထံက သိရသည်။
သာကေတမြို့နယ်ရှိ အချို့ရပ်ကွက်များတွင် စစ်မှုထမ်းဆောင်ရမည့် အမျိုးသမီးများစာရင်းကို ရပ်ကွက် ရုံးများ၌ စာရွက်နှင့်ကပ်ထားပြီး စစ်မှုထမ်းဆင့်ခေါ်စာ အိမ်သို့ပို့ဆောင်ခံရသည့် အမျိုးသမီးအချို့လည်း ရှိကြောင်း သာကေတ ၁၀ တောင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးထံက သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့က စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို အတည်ပြုခဲ့ပြီး စစ်မှုထမ်းရန် အကျုံးဝင်သည့် စည်းကမ်းချက်များနှင့် မည်သူတို့က ကင်းလွတ် ခွင့်ရှိသည် စသော နည်းဥပဒေများကို ထုတ်ပြန်ခဲ့သည်။
စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်‌ ဖေဖော်ဝါ ရီလတွင် စစ်မှုထမ်းဥပဒေကို အသက်သွင်း အာဏာတည်စေပြီး အမျိုးသားများကို စစ်မှုထမ်းရန်အမှတ်စဉ် (၉) အထိခေါ်ဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ယခု ထပ်မံထုတ်ပြန်သည့် နည်းဥပဒေနှင့်အတူ အမျိုးသမီးများ စစ်မှုထမ်း ဆောင်ရန်ကိုပါ စာရင်းကောက်ယူမှုများ ပြုလုပ်လာခြင်းဖြစ်ပြီး နိုင်ငံအတွင်းမှ စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက်အပိုင်းအခြားရှိနေသော လူငယ်၊ လူရွယ်တိုင်း ပြည်ပထွက်ခွာခွင့်ကိုပါ ပိတ်ပင်လိုက်ကြောင်း သိရသည်။
ပုံစာ – အမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်းပွဲ (ပုံဟောင်း)