ဗန်းမော် သံချပ်ကာတပ်ရင်း KIA သိမ်းပိုက်၊ သံချပ်ကာယာဉ် ၇ စီးရရှိ

by

in

ဗန်းမော် သံချပ်ကာတပ်ရင်း KIA သိမ်းပိုက်၊ သံချပ်ကာယာဉ် ၇ စီးရရှိ
ရွှေနွယ်

မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယနေ့ (ဇန်နဝါရီ ၂၅ ရက်) ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကောင်စီ၏ သံချပ်ကာတပ်ရင်း အမှတ် (၇၀၀၆) တပ်ရင်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အဆိုပါ တပ်ရင်းအတွင်းမှ သံချပ်ကာယာဉ် ခုနစ်စီးကိုလည်း KIA ပူးပေါင်းတပ်များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“အပြီးသိမ်းပိုက်လို့ရပြီလို့ ရှေ့တန်းသမားတွေ သတင်းပေးတာရှိပါတယ်။ ဒါကတော့ အတည်ပြုလို့ရတယ်။ လောလောဆယ်ကတော့ ခုနစ်စီးကတော့ သိမ်းဆည်းရမိတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
အဆိုပါ သံချပ်ကာယာဉ်များအား ပြန်လည်သုံးစွဲ၍ ရနိုင်ခြေရှိမရှိကို စစ်ဆေးနေဆဲဟု ပြောသည်။
ထို့အတူ ဗန်းမော်မြို့၌ လက်ကျန် ကျန်ရှိနေသည့် စစ်ကောင်စီ၏ စကခ (၂၁)၊ ခလရ (၄၇) နှင့် အမတ (၃၆၆) တို့၌ တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်းလည်း သိရသည်။
ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်) နံနက်ပိုင်းမှ စတင်ကာ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA ပူးပေါင်းတပ်များမှ စစ်ရှိန်မြှင့်၍ တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ယမန်နေ့ ညပိုင်းက စကခ (၂၁) အတွင်း မီးလောင်ကျွမ်းမှုများရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များမှ ဖော်ပြနေကြသည်။ သို့သော် မီးလောင်ရသည့်အကြောင်းအရင်းကို မဇ္ဈိမက အတည်မပြုနိုင်သေးပေ။
KIA ပြန်ကြားရေးတာဝန်ရှိသူကမူ စကခ (၂၁) တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဟု ပြောသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှ စတင်၍ ဖော်ဆောင်နေခြင်းဖြစ်ပြီး ယခု ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်နှင့်မိသားစုများသည် မြို့ပေါ်ရှိ အခြားသောတပ်စခန်းများမှ အင်အားများနှင့် ဆုတ်ခွာကာ စခက (၂၁) နှင့် ခလရ (၄၇) တို့၌ သွားရောက်ပူးပေါင်း နေထိုင်နေကြသည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် မိသားစုများသည် အဆိုပါ တပ်ရင်းများအတွင်း၌ ပိတ်မိနေကာ KIA ပူးပေါင်းတပ်များမှ အပြင်က ဝန်းရံ၍ တိုက်ခိုက်နေသည့် အခြေအနေဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်နှင့်အတူ KIA ထံမှလည်း သိရသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် KIA နှင့်အတူ ABSDF ( ကျောင်းသားတပ်မတော် ) အမှတ် (၂) စစ်ကြောင်း တပ်ရင်း (၁၀) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များ၊ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များမှ စုပေါင်းတိုက်ခိုက်နေကြခြင်း ဖြစ်သည်။
စာတည်း – သန့်ဇော်(သန်လျင်)
ပုံအညွှန်း − ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ပူးပေါင်းတပ်များသည် ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း သံချပ်ကာတပ်ရင်း အမှတ် (၇၀၀၆)နှင့် သံချပ်ကာယာဉ် ၇စီးကို ယနေ့ (ဇန်နဝါရီ ၂၅ ရက်) ၌ သိမ်းဆည်းရရှိကြသည်။ ဓာတ်ပုံ − Kachin News Group။
#mizzima
#news
#ဗန်းမော်မြို့
#KIA
#ကချင်ပြည်နယ်
#မြို့သိမ်းတိုက်ပွဲ