ပဲခူးတွင် ကျောင်းသား ၃၀ ကျော်ကို အဓမ္မပြုကျင့်ခဲ့သည့် ယာယီကျောင်းအုပ်ကို ဖမ်းဆီးစစ်ဆေးနေ
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်
ပဲခူးတိုင်း၊ ပဲခူးမြို့၊ မုက္ကလကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ယာယီကျောင်းအုပ် ဆရာဖြစ်သူက ကျောင်းသား ၃၀ ကျော်ကို အဓမ္မပြုကျင့်ခဲ့ သည့်အတွက် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
အဓမ္မပြုကျင့်ခဲ့သည့် အသက် ၂၉ နှစ်အရွယ် ယာယီကျောင်းအုပ် ဦးသက်ဇော်အောင်ကို ယမန်နေ့ ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက ပဲခူးမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံက သိရသည်။
“သူထွက်ဆိုတာက အရင်ဆုံး ၁၇ ယောက်ပေါ့။ နောက်မှ ကလေးတွေက တဖြည်းဖြည်း လာထွက် ဆိုကြလို့ အဲ့ဒီလောက်ဆိုတာ သိရတာ။ ထပ်စစ်နေတုန်းပဲ။ လောလောဆယ် ပဲခူးမြို့မရဲစခန်းမှာ ချုပ်ထားတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယာယီကျောင်းအုပ်ဆရာ ဦးသက်ဇော်အောင်၏ အဓမ္မ ပြုကျင့်မှုကိုခံခဲ့ရသည့် လေးတန်းကျောင်းသား မိဘမှ ဖြစ်စဉ်ကိုသိရှိသွား၍ အမှုဖွင့်တိုင်ကြားရာမှ အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာယီကျောင်းအုပ်ဆရာ ဦးသက်ဇော်အောင်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့ ကျောင်းလွှတ်ချိန်များတွင် အသက် ၁၁ နှစ်အရွယ် လေးတန်းကျောင်းသားလေးကို ကျောင်းအုပ်ရုံးခန်း အတွင်းသို့ ခေါ်ဆောင်၍ ၂ ရက်ဆက်တိုက် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
အဓမ္မပြုကျင့်ခံရသူ ကလေးငယ်က နေမကောင်းဖြစ်လာ၍ မိဘများက သိရှိသွားပြီး ပဲခူးမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီခန့်လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူထံက သိရသည်။
စစ်ဆေးမေးမြန်းချက်အရ အဆိုပါ ကျောင်းအုပ်သည် ကျောင်းအတွင်းရှိ အသက်ခုနစ်နှစ်မှ ၁၅ နှစ်အတွင်းရှိ ကျောင်းသား ၃၁ ဦးကို ယာယီ အဓမ္မပြုကျင့်ခဲ့သည်ဟု ထွက်ဆိုထားကြောင်း သိရ သည်။
ထိုသို့ထွက်ဆိုထားသော်လည်း ကျောင်းအတွင်း ကလေးများကို ဆေးစစ်မည်ဟု ပြောပြမေးမြန်းရာတွင် ကျောင်းသား ၄၀ ကျော်အထိ အဓမ္မပြုကျင့်ခံထားရကြောင်း ထွက်ပေါ်လာခဲ့သည်။
အဆိုပါယာယီကျောင်းအုပ်ဖြစ်သူ ဦးသက်ဇော်အောင်ကို စိုင်းတီကျေးရွာရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#ပဲခူး #မုက္ကလကျေးရွာ #ယာယီကျောင်းအုပ် #ကျောင်းသား၃၀ကျော် #အဓမ္မပြုကျင့် #Ayeyarwaddy_Times