ရေးတွင် ခလရ-၃၁ လက်အောက်ခံ စခန်းတစ်ခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး

by

in

ရေးတွင် ခလရ-၃၁ လက်အောက်ခံ စခန်းတစ်ခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး
ဧရာဝတီတိုင်းမ်
(ခေါဇာ)၊ ဇန်နဝါရီ ၂၄ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့အခြေစိုက် စစ်ကောင်စီ ခလရ-၃၁ တပ်ရင်းလက်အောက်ခံ စခန်းတစ်ခုကို ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ထံက သိရသည်။
ခလရ-၃၁ တပ်ရင်းအနီးရှိ စစ်ကောင်စီ၏ မီးတိုင်တတ် စခန်းမှာ အင်အား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီစခန်းတစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ မိနစ် လေးဆယ် ဝန်းကျင်တိုက်ပွဲအတွင်း စစ်
ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးခဲ့ပြီး သုံး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ပထမ တပ်မှူးတွေရဲ့ သတင်းပို့ချက်အရ အလောင်းနှစ်လောင်းနဲ့ ဒဏ်ရာရတဲ့ တယောက်ဆိုပြီး ကနဦး သတင်းရရှိပါတယ်။ ဒါပေမယ့် မနေ့ ညနေပိုင်းကတော့ ပြည်သူတွေရဲ့ ပြောကြားချက်အရ စစ်သားတွေက အလောင်း ခုနစ်လောင်း တန်းစီထားတာရှိတယ်။ နောက်ပြီးတော့ ဒဏ်ရာရ စစ်ကောင်စီတပ်သား ရဲဘော်သုံးယေက်ကို ကားနှစ်စီးနဲ့ ရေးပြည်သူ့ဆေးရုံကြီးကို တင်ပို့တယ်လို့ သတင်းရရှိတယ်” ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောရေးဆိုခွင့်ရှိသူ နာဲနဂါး က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မီးတိုင်တတ်စခန်းသည် ခေါဇာမြို့နှင့် မီးတိုင်တတ်ရွာကြားရှိ စစ်ဆေးရေးဂိတ်စခန်းတစ်ခုဖြစ်ပြီး ဖြတ်သန်းသွားလာသည့် ဒေသခံများကို နည်းမျိုးစုံဖြင့်စစ်ဆေးတင်းကြပ်ခြင်း၊ စားနပ်ရိက္ခာ သယ်ယူခွင့်မပေးခြင်း၊ ငွေညှစ်တောင်း ခံခြင်းတို့ပြုလုပ်နေသည့် စစ်ဆေးရေးဂိတ်စခန်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါစခန်း တိုက်ခိုက်ခံရပြီး‌နောက်မှာပင် စစ်ကောင်စီ ခလရ-၃၁ တပ်ရင်းမှ လက်နက်ကြီးများနှင့် ပစ်ခတ်မှုများ ရှိခဲ့ပြီး ကရိတ်ထောင်းကမ်းခြေ အနီးတွင် ရပ်ထားသည့် သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်
ခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့နဲ့ မွန်ပြည်သစ်ပါတီAD အပါအဝင် အခြားလက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ MLA၊ MSDF ပူးပေါင်းပြီးတော့ ရာမညစစ်ကြောင်း မကြာခင်လှူပ်ရှားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီအမြစ်ဖျက် တိုက်ဖျက်ရေးမှာ ဝိုင်းဝန်းကူညီထောက်ပံ့ကြဖို့ ကိစ္စအရေးတကြီးမရှိရင်ခရီးသွားခြင်းတွေကို ရှောင်ကြညဉ်ဖို့ တိုက်တွန်းလိုပါတယ်” ဟု MSRF မှ ပြောရေးဆိုခွင့်ရှိသူ နာဲနဂါးက ဆက်လက်ပြောကြားသည်။
ယခုတိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) အပါအဝင် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
‌ပြီးခဲ့သည့် သုံးနှစ်ကာလဝန်းကျင်ကလည်း ခေါဇာအခြေစိုက် ခလရ-၃၁ တပ်ရင်း လက်အောက်ခံတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီ တပ်ရေးဗိုလ်ကြီးအပါအဝင် ခုနစ်ဦးသေဆုံးခဲ့ပြီး MSRF တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့သည့်အတွက် ယခုတိုက်ပွဲကိုလည်း သွေးကြွေးဆပ်သည့်ပွဲဟု ယူဆ၍ရကြောင်းလည်း MSRF ကပြောဆိုသည်။
ဓာတ်ပုံ – MSRF