အမ်းနဲ့ မကွေးအစပ်က စစ်ကောင်စီတပ်စခန်းတွေ AA သိမ်းပိုက်

by

in

အမ်းနဲ့ မကွေးအစပ်က စစ်ကောင်စီတပ်စခန်းတွေ AA သိမ်းပိုက်
~~~

■ မကွေးတိုင်း၊ ငဖဲမြို့နယ်နဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်အစပ် ကမြင်းကန်ရွာအနီးက စစ်ကောင်စီတပ်စခန်းနဲ့ ပိန်းရေစမ်းစခန်းကို အာရက္ခတပ်တော် (AA) က ဇန်နဝါရီလ ၂၁ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အတည်ပြုပြောပါတယ်။
ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်တွေက ငဖဲမြို့နယ်၊ ပျင်းဝရွာအနီးမှာ အထိုင်ချတပ်စွဲထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတာကြောင့် လင်းဒဲ၊ ဂုတ်ကြီး၊ စပ်စီ စတဲ့ရွာတွေပါအဝင် ရွာကိုးရွာက ဒေသခံတွေ ထွက်မပြေးနိုင်ဘဲ ပိတ်မိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငဖဲမြို့နယ် ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“အဲဒီရွာကိုးရွာက ဒေသခံတွေ အမ်းကိုလည်း တက်လို့မရ၊ ပျင်းဝက အသေပိတ်ထားတော့ ငဖဲကိုလည်း ဆင်းပြေးလို့မရ။ လျှိုတွေ၊ တောတောင်တွေထဲမှာ ခြေဦးတည့်ရာ ပြေးနေကြတယ်”
နေရပ်စွန့်ခွာသူ ဘယ်လောက်ရှိလဲဆိုတာ မသိရပေမဲ့ သူတို့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက တိုက်ပွဲတွေမှာ နေရပ်စွန့်ခွာဖို့ အဆင်မပြေကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော် (AA) ကတော့ အမ်း-ပဒါန်းကားလမ်းပေါ်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့က စတင်တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်း၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိပြီး သုံ့ပန်းတချို့ ဖမ်းဆီးထားတယ်လို့ ဇန်နဝါရီလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
အမ်း-ပဒါန်း လမ်းပေါ်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ AA ပြောခွင့်ရသူ ဦးခိုင်သုခတို့ကို ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားတာ မရှိပါဘူး။
ဇန်နဝါရီလ ၁၉ ရက်နေ့က မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်း ဂုတ်ကြီးရွာ အနောက်ဘက်မှာ စစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦး သေဆုံးတယ်လို့ မကွေးအခြေစိုက် လူထုတော်လှန်ရေး မဟာမိတ်အင်အားစုက ဇန်နဝါရီလ ၂၃ ရက်နေ့မှာထုတ်ပြန်ပါတယ်။
—————
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်မှ ၁၉ ရက်နေ့အတွင်း ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို AA မှ ထုတ်ပြန်ထားစဉ်။ (Photo: Telegram/ AA Info Desk)