ကပစ ၂၁ ရှော့တိုက်ဒုံးပစ်ခံရမှုမှာ လက်ထောက်စက်ရုံမှူးဖြစ်သူ စီမံရေးဒုညွှန်အဆင့် ဒုဗိုလ်မှူးကြီး ၁ယောက်အပါ သေဆုံးသူ ၁၃ ယောက်အထိရှိလာ
ဇန်နဝါရီ ၂၃၊ ၂၀၂၅
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ အမှတ်-၂၁) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လက်ထောက် စက်ရုံမှူး တစ်ဖြစ်လဲ စီမံရေးဒုညွှန်အဆင့် ဒုတိယဗိုလ်မှူးကြီး ၁ယောက် အပါအဝင် သေဆုံးသူ ၁၃ ယောက်အထိ ရှိလာကြောင်း No More Dictatorship People Defense Force NMD တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူ No More Dictatorship People Defence Force_NMD၊ Shadow (Mandalay)၊ Eagle Brigade (ANyar Eagles) အဖွဲ့အပါအဝင် ဒေသခံ တော်လှန်ရေးအင်အားစုတွေက ကပစ အမှတ်-၂၁ စက်ရုံကို ရှော့တိုက်ဒုံး ၈လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၇လုံး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ယမ်းချက်ဂိုဒေါင် မီးလောင်ပျက်စီးပြီး စစ်တပ်ဘက်က အရာရှိ ၂ယောက်နဲ့ စစ်သား ၇ယောက် သေဆုံးခဲ့သလို ၈ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ပါဝင်ခဲ့တဲ့အဖွဲ့တွေက နောက်ဆက်တွဲအခြေအနေတွေကို ကနဦး သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ကပစ အမှတ်-၂၁ စက်ရုံအတွင်းက စက်ရုံအမှတ် -၁၀၆၊ စက်ရုံအမှတ် -၁၀၉၊ စက်ရုံအမှတ် -၂၀၁ တို့ကို ထိမှန်ခဲ့ပြီး ထုတ်လုပ်ပြီးသား ဗုံးသီးတွေကို ယာယီသိုလှောင်တဲ့ Technical Store ၁ခုလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကပစစက်ရုံဝန်းအတွင်း ထိခိုက်ပျက်စီးမှုတွေကြောင့် စစ်အုပ်စုတွေ ပစ္စည်းရွှေ့ပြောင်းနေကြောင်း No More Dictatorship People Defense Force NMD အဖွဲ့က ထုတ်ပြန်ပါတယ်။
“အခုဟာက မြေပြင်သတင်းထောက်တွေကနေ ရထားတဲ့ ထပ်မံအတည်ပြုထားတဲ့ စာရင်းပါ။ထပ်တိုးသေဆုံးနိုင်ခြေတွေလည်း ရှိပါတယ်” လို့
No More Dictatorship People Defense Force NMD အဖွဲ့တာဝန်ရှိသူကမောင်းကိုပြောပါတယ်။
ကပစ အမှတ် ၂၁ စက်ရုံဟာ စစ်ကောင်စီ နိုင်ငံအနှံ့ဗုံးကြဲနိုင်ဖို့ တိုက်လေယာဉ်သုံး ဗုံးသီး ပေါင် ၂၅၀၊ ပေါင် ၅၀၀နဲ့ Cluster ဗုံးသီးတွေ အဓိကထုတ်လုပ်နေတဲ့အတွက် BWM နဲ့ မဟာမိတ်အဖွဲ့ တွေ ပူးပေါင်းပြီး အရေးကြီးတဲ့ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ကပစ စက်ရုံတွေဟာ မြို့နယ်တစ်ခုလိုတည်ရှိပြီး စက်ရုံဝန်းအတွင်းမှာ ရဲဘော်ရွာ၊ ရဲဘော်ဟောင်းရွာ စသဖြင့် သတ်မှတ်နေရာတွေရှိတယ်လို့သိရပါတယ်။ ဧကပေါင်း တစ်သောင်းကနေ ငါးသောင်းလောက်အထိ ကျယ်ဝန်းတဲ့ စက်ရုံတွေဖြစ်တာကြောင့် စီးနင်းတိုက်ခိုက်တာထက် အခုလို စက်ရုံဝန်းအတွင်းက စက်ပစ္စည်းတစ်ခုလေးကို ပျက်စီးအောင် လုပ်လိုက်နိုင်တာနဲ့တင် တော်လှန်ရေးအတွက် အကျိုးအမြတ် အများကြီးရတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
“ကပစ စက်ရုံတွေက တစ်ခုနဲ့ တစ်ခုကို link ချိတ်ထားတာ… စက်ရုံတစ်ခုက ပစ္စည်းတစ်ခု ရပ်လိုက်တာနဲ့ စစ်မြေပြင်မှာ တိုက်ပွဲဝင်ဖို့ဟာတွေက အသင့်မဖြစ်တော့ပါဘူး၊ အကြမ်းဖျင်းပြောရမယ်ဆိုရင် ကျည်ဆံထုတ်တာက စက်ရုံတစ်ရုံ… အမြောက်ထုတ်တာက တစ်ရုံ၊ အဲ့တော့ အမြောက်တွေ ဘယ်လောက်ပဲ ထုတ်နေ ထုတ်နေ ကျည်ဆံရှိမှပေါ့နော်၊ ကပစ စက်ရုံတွေရဲ့ အဓိက ယမ်းရယ်၊ သံရယ်… ဒါတွေရဖို့ကလည်း လျှပ်စစ်နဲ့ ရေက အဓိကလိုတာပေါ့နော်…အဲ့တာတွေကို ဖြတ်တောက်နိုင်ရင်ကိုပဲ ကျနော်တို့အတွက်က သူတို့ process တစ်ခုလုံးရပ်သွားအောင် လုပ်လို့ရတယ်ဗျ၊ အခုလို ကပစ စက်ရုံတွေကို စတိုက်တာက အောင်မြင်မှုရဲ့ နိဒါန်းအစလို့ပဲ ပြောရမှာပါ” လို့ ဗိုလ်ကြီးဇင်ယော်က ဆိုထားပါတယ်။
ပုံစာ – ကပစ ၂၁ ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့စဉ်