မတ္တရာ၊ သပိတ်ကျင်းနဲ့ နောင်ချိုမှာ စစ်အုပ်စုနဲ့ MDY- PDF တို့ တိုက်ပွဲပြင်းထန်နေ
မယ်ပ / MFP ၊ ဇန်နဝါရီ -၂၂
မန္တလေးတိုင်း မတ္တရာ၊ သပိတ်ကျင်းနဲ့ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုတို့မှာ စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ် မတော်-မန္တလေး ( MDY- PDF) တို့အကြား ဇန်နဝါရီလ ၂၁ ရက် မနေ့က စပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ စစ် ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်အုပ်စုတပ်က မတ္တရာမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်ပြီး မြေပြင်စစ်ကြောင်းတွေ အင်အားဖြည့် တင်းလာ လို့ ဖယောင်းတောင် ၊ ထန်းပင်ကုန်းကျေးရွာနှင့် မြို့ကုန်းကျေးရွာတစ်ဝိုက်မှာ MDY- PDF တိုက်ပွဲတွေ ဖြစ်ပွားနေ တာလို့ ဆိုပါတယ်။
ဒါ့အပြင် သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာနဲ့ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် သံဘိုကျေးရွာအနီးမှာလည်း စစ်အုပ်စုတပ်တွေနဲ့ MDY- PDF တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ MDY- PDF အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယပတ်ကစပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်တာ ၊ မြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်တာတေွကို ပိုမိုလုပ်ဆောင်လာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
အလားတူ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကိုလည်း တိုက်ပွဲမဖြစ်ပွားဘဲ ဇန်နဝါရီလ ၂၁ ရက်နဲ့ ၂၂ရက် တွေမှာ နှစ်ရက်ဆက် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူရှစ်ဦး သေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။