ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့် မြင်ကွင်းမှပျောက်ကွယ်နေပြီး စစ်ခေါင်းဆောင်၏ ဗိုလ်ချုပ် ကြီး ရာထူးတိုးမြှင့်ပေးခြင်း ခံရသူများတွင်လည်း ပါဝင်ခြင်းမရှိ

by

in

ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့် မြင်ကွင်းမှပျောက်ကွယ်နေပြီး စစ်ခေါင်းဆောင်၏ ဗိုလ်ချုပ် ကြီး ရာထူးတိုးမြှင့်ပေးခြင်း ခံရသူများတွင်လည်း ပါဝင်ခြင်းမရှိ
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်

စစ်ကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ပြီးခဲ့သည့် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေးပြီးနောက် လက်ရှိအထိတိုင် လူမြင်ကွင်းမှ ပျောက်ကွယ်နေသည်ကို စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများအရ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်သည် ၎င်းတို့၏ သက်တမ်းကို ၆ လတကြိမ် သက်တမ်း ပုံမှန်တိုးယူနိုင်ရန်အတွက် ရုပ်ပြခေါ်ယူလေ့ရှိသည့် ကာလုံအစည်းအဝေး (၂/၂၀၂၄)ကို ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကို နောက်ဆုံးတွေ့ခဲ့ရခြင်းလည်း ဖြစ်သည်။
ထိုနောက်ပိုင်းမှစတင်၍ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့် ကို ယနေ့ ဩဂုတ် ၂၁ ရက်အထိ စစ်ကောင်စီ၏ အစည်းအဝေးများအပါအဝင် မည့်သည့်အခမ်းအနားတွင်မျှ တက်ရောက်သည်ကို တွေ့ရှိရခြင်းမရှိတော့ဘဲ လူမြင်ကွင်းမှ ရက်အတော်ကြာ ပျောက်ကွယ်နေခြင်းဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီး ရာပြည့်သည် အာဏာသိမ်းပြီးနောက် အိမ်နီးချင်း တရုတ်အစိုးရနှင့် ထိတွေ့ဆက်ဆံမှု အားကောင်းခဲ့ပြီး ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်း ကိစ္စရပ်များကြောင့် တရုတ်အစိုးရ၏ လုံခြုံရေးဆိုင်ရာ အမြင့်ဆုံးဆုတံဆိပ် ချီးမြှင့်ပေးအပ်ခံရသူလည်း ဖြစ်ခဲ့သည်။
၎င်းသည် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ကျားဟောင် (Wang Xiao Hong) ၏ ဖိတ်ကြားချက်အရ ပြီးခဲ့သည့် ဧပြီ ၂၄ ရက်မှ ၂၉ ရက်အထိ တရုတ်နိုင်ငံသို့ ခြောက်ရက်တာ အလုပ်သဘောခရီးစဉ် သွားရောက်စဉ် တရုတ်အစိုးရက Golden Great Wall Commemorative Medal ဆုတံဆိပ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဆုသည် တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနက နိုင်ငံရပ်ခြားမှ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အရာရှိကြီးများအတွက် ချီးမြှင့်ပေးအပ်သော အမြင့်ဆုံး ဆုတံဆိပ်ဖြစ်ပြီး အဆိုပါ ခရီးစဉ်အတွင်း ဒုဗိုလ်ချုပ်ကြီး ရာပြည့်၏ လက်အောက်ခံ ရဲတပ်ဖွဲ့အတွက် ယွမ်ငွေ ငါးသန်းတန်ဖိုးရှိ အကူအညီများကိုလည်း တရုတ်က ပေးအပ်ခဲ့သည်။
ဒုဗိုလ်ချုပ်ကြီး ရာပြည့်သည် တရုတ်နိုင်ငံနှင့်ကောင်းမွန်သည့် ထိတွေ့ဆက်ဆံမှုများ ရှိခဲ့သော်လည်း ယခုလ ဩဂုတ် ၈ ရက်မှစတင်၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်အကြီးအကဲများဖြစ်သည့် အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျား၊ ကောင်စစ်ဝန်ချုပ် မစ္စကောင်းဖျင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့၏ ခရီးစဉ်တွင် တွေ့ရှိရခြင်းမရှိပေ။
ထိုအခြေအနေနှင့် ပတ်သက်၍ တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည်သူ ဒေါက်တာ လှကျော်ဇောက “သူတို့(စစ်ကောင်စီ) အချင်းချင်းကြား ပြသနာရှိနေပုံပဲ” ဟု ဧရာဝတီတိုင်းမ်ကို မှတ်ချက်ပြုပြောသည်။
ဒုဗိုလ်ချုပ်ကြီး ရာပြည့်သည် စစ်တက္ကသိုလ် အပတ်စဉ် (၂၂) ဆင်းဖြစ်ပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ဥပဒေချုပ်အပါအဝင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌနှင့် ၂၀၂၀ ရွေးကောက်ပွဲအပြီး ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
ထို့နောက် စစ်တပ် အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် စစ်ကောင်စီ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရပြီး စစ်ကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီး (၁) (ယခင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး (၁))ဖြစ်လာခဲ့သလို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဦးစီးဌာနကိုပါ ကိုင်တွယ်ခဲ့ရသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃ ရက်တွင် စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီး (၁) အဖြစ်မှ ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခံရပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ၏ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ခဲ့သည်။
ယင်းအပြင် အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်၏ အနီးကပ်အကြံပေး အဖွဲ့အဖြစ် စစ်ဘက်မှ သုံးဦးနှင့် အရပ်ဘက်မှ လေးဦး စုစုပေါင်း ခုနှစ်ဦး ပါဝင်ဖွဲ့စည်းထားသည့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးအဖွဲ့ကိုလည်း ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ဦးဆောင်ခဲ့ရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီးများဖြစ်သည့် စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေး စစ်တက္ကသိုလ် အပတ်စဉ် (၂၅) ၊ တွဲဘက်အတွင်းရေးမှူး ရဲဝင်းဦး (OTS-77) နှင့် စစ်ကောင်စီအဖွဲ့ဝင်၊ အကြံပေး ညိုစော စစ်တက္ကသိုလ် အပတ်စဉ် (၂၃) တို့ကို ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးပေးခဲ့ပြီး ၎င်းတို့၏ စီနီယာဖြစ်သည့် စစ်တက္ကသိုလ် အပတ်စဉ် (၂၂) ကျောင်းဆင်း ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကိုမူ ရာထူးတိုးမြှင့်ပေးခြင်း မရှိပေ။
ပုံစာ- တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ ပြီးခဲ့သည့် ၂၀၂၃ ၊ ဇူလိုင် ၂၇ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်
#စစ်ကောင်စီအဖွဲ့ဝင် #ပြည်ထဲရေးဝန်ကြီး #ဒုဗိုလ်ချုပ်ကြီးရာပြည့် #မြင်ကွင်းမှပျောက်ကွယ် #ဗိုလ်ချုပ်ကြီးရာထူး #ပါဝင်ခြင်းမရှိ #Ayeyarwaddy_Times