မွန်ပြည်လွတ်မြောက်ရေးတပ်တော်နှင့် အလုံးစုံပူးပေါင်းလိုက်ကြောင်း MSRO ကြေညာ

by

in

မွန်ပြည်လွတ်မြောက်ရေးတပ်တော်နှင့် အလုံးစုံပူးပေါင်းလိုက်ကြောင်း MSRO ကြေညာ
ဟန်နွေ/People’s Spring
မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း(MSRO)သည် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)နှင့် အလုံးစုံပူးပေါင်းလိုက်ကြာင်း MSROက ဇန်နဝါရီ ၁၉ရက် နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။
၂၀၂၁ ဒီဇင်ဘာ ၁ရက်တွင် စတင်တည်ထောင်ခဲ့သည့် MSROသည် မွန်ပြည်နယ်ကိုအခြေပြုကာ တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များကို တတ်စွမ်းသမျှအားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ပြီး ပိုမိုအားကောင်းစွာ လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ MSROကို ဖျက်သိမ်းပြီး MLA၏ Chain of command (COC)အောက်တွင် ဇန်နဝါရီ ၁၉ရက်ကစတင် အလုံးစုံ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။
MSRO စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ယနေ့အထိ တော်လှန်ရေးခရီးကြမ်းကို လျှောက်လှမ်းခဲ့ရာတွင် ထောက်ပံ့ကူညီပေးခဲ့ကြသော အဖွဲ့အစည်းတစ်ခု ချင်းစီကိုသော်လည်းကောင်း၊အဖွဲ့အစည်းများကိုသော်လည်းကောင်း၊ ပြည်သူလူထု တစ်ဦးတစ်ယောက်ချင်းစီကိုသော်လည်းကောင်း၊အတူတကွ တာဝန်ထမ်းဆောင်ခဲ့ကြသော ရဲဘော်ရဲဘက်များကိုသော်လည်းကောင်း အထူးကျေးဇူးတင်ကြောင်းလည်း MSROက ထုတ်ပြန်ခဲ့သည်။
မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၏ COC အောက်မှ ဆက်လက်တာဝန်ထမ်းဆောင်ရင်း တော်လှန်ရေး ရည်မှန်ချက်ပြည့်ဝသည်အထိ စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကတိသစ္စာပြုသည်ဟုလည်း MSROက အသိပေးသည်။
“အဓိက ကတော့ တော်လှန်ရေးမှာ ကျွန်တော်တို့တွေ ဘုံရန်သူ တူတယ်။ ဘုံရည်မှန်းချက်တူတယ် ပြီးတော့လည်း ကျွန်တော်တို့ မွန်တပ်လေးတပ် ထုတ်ပြန်ထားတဲ့ အထဲမှာလဲပါပါတယ်။ အနာဂါတ်တွင် မွန်တော်လှန်ရေးတပ်များ ပူးပေါင်းပါဝင်သည့် မွန်တပ်တော်တစ်ခုတည်း ပေါ်ပေါက်လာရေး မူအရလည်းပါတယ် M.S.R.Oမှာ ရှိတဲ့ ရဲဘော်အားလုံးကလည်း တော်လှန်ရေးကို အရှိန်ပြင်းပြင်းနဲ့ တစ်စုတစ်တည်း သွားနိုင်ဖို့ ရယ် အပြင် သူတို့ အနေနဲ့ တော်လှန်ရေး အပေါ်ထားတဲ့ စေတနာတွေ ကြောင့် အခုလိုပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြတာပါ ဒီအပေါ်မှာလည်း အားလုံး ဝမ်းသာကြမယ်လို့ ယုံကြည်ပါတယ်” ဟု MLA ဒုခေါင်းဆောင် နိုင်မာဃက MSRO တပ်ဖွဲ့ ပူးပေါင်းလာမှု အပေါ် ပြောသည်။
ယခုကဲ့သို့ ပေါင်းစည်းနိုင်မှုကြောင့် မွန်ပြည်နယ်အတွင်း၌ မဟာမိတ်များနှင့် ပူးပေါင်းချိတ်ဆက်ပြီး စစ်ရေးအရ ရန်သူကို ကောင်းမွန်စွာဖိအားပေးလှုပ်ရှားလာနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
MLAသည် အခြားမွန်တော်လှန်ရေးတပ်များဖြစ်သော မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP/MNLA-AD ၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) တို့နှင့် ပူးပေါင်းပြီး ရာမညပူးပေါင်းစစ်ကြောင်းကို ဖွဲ့စည်းလိုက်ကြောင်း အဆိုပါ မွန်တပ်ဖွဲ့ ၄ခုက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ဝါရင့်မွန်တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော NMSPအနေဖြင့်လည်း မွန်အမျိုးသားရေးတာဝန်ကို စဉ်ဆက်မပြတ် ထမ်းဆောင်နေသည်ဟု ယုံကြည်ကြောင်း MLA ဒုခေါင်းဆောင် နိုင်မာဃက ပြောသည်။
“N.M.S.P က ခေါင်းဆောင်တွေကိုက တိုက်တွန်းဖို့ မလိုပါဘူး။ သူတို့အနေနဲ့ နှစ်ပေါင်းများစွာ အမျိုးသားရေးတာဝန်ကို ထမ်းလာတာ ခုထိလည်း ထမ်းနေပါတယ်ဆိုတာ ကို ကျွန်တော့်အနေနဲ့ ယုံကြည်လို့ပါ ။N.M.S.P(A D)နဲ့ အပြင်ကို မြေပြင်မှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံး လက်တွဲချိတ်ဆက်ပြီး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နေကြပါတယ်”ဟု နိုင်မာဃက ပြောသည်။
မွန်တပ်ဖွဲ့များစုဖွဲ့ထားသည့် ရာမညပူးတွဲစစ်ကြောင်းသည် မဟာမိတ်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDFများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အနှံ့ စစ်ရေးလှုပ်ရှားရန် အစီအမံများ ချမှတ်ထားကြောင်း MSDF တပ်မှူးဒေါက်တာသီရိမွန်ချမ်းက ယမန်နေ့တွင် ပြောထားသည်။
(မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း(MSRO)မှ ရဲဘော်များအား တွေ့ရစဉ် ဓာတ်ပုံ − MSRO)