ဆိုက်ဘာရာဇဝတ်မှုများတိုက်ဖျက်ရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိဟု NUG နှင့် မဟာမိတ်များကြေညာ
◾️နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး ထိုင်းနှင့် တရုတ်အပါအဝင် အိမ်နီးချင်း ၅နိုင်ငံနှင့် အချက်အလက်မျှဝေလိုဟု တောင်းဆို
ဟန်နွေ/People’s Spring
မြန်မာနိုင်ငံရှိ ကြီးထွားလာနေသော ဆိုက်ဘာရာဇ၀တ်မှု အကျပ်အတည်းနှင့်ပတ်သက်သည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေး အစိုးရ(NUG)နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ အခြား တော်လှန်ရေးအင်အားစုများပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများက ယနေ့ ထုတ်ပြန်ခဲ့ရာ ဆိုက်ဘာရာဇဝတ်မှုများနှင့် အခြားရာဇဝတ်မှုများ တိုက်ဖျက်ရေးနိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း အသိပေးခဲ့သည်။
လတ်တလောတွင် မြန်မာ-ထိုင်းနယ်စပ်၌ ပျောက်ဆုံးခဲ့သည့် တရုတ်သရုပ်ဆောင်ကို မြန်မာဘက်ခြမ်း၌ ပြန်တွေ့ခဲ့ပြီး အွန်လိုင်းလိမ်လည်လုပ်ငန်း(ကျားဖြန့်လုပ်ငန်း)အတွက် သင်တန်းပေးခံရကြောင်း လွတ်မြောက်လာသည့် ကာယကံရှင်က ထွက်ဆိုခဲ့ခြင်း၊ လက်ရှိ ထိုင်းဝန်ကြီးချုပ်ကို ကျားဖြန့် ခေါ် အွန်လိုင်း လိမ်လည်လုပ်ငန်းလုပ်ကိုင်သူများက လိမ်လည်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပြီး ကျားဖြန့်လုပ်ငန်းများ တိုက်ဖျက်ရန်လိုအပ်နေသည့် အခြေအနေတွင် NUGနှင့် မဟာမိတ်များက ယခုကဲ့သို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်ပဋိပက္ခများ အပေါ် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၏ အမြတ်ထုတ်မှုများကြောင့် လူကုန်ကူးမှု၊ အလွဲသုံးစားလုပ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူသတ်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ဆိုက်ဘာ လိမ်လည်မှုများမှာ သိသိသာသာ များပြားလာနေကြောင်း NUG နှင့် မဟာမိတ်များက ထုတ်ပြန်ခဲ့သည်။
မြန်မာအကြမ်းဖက်စစ်တပ် နှင့် စစ်ကောင်စီသည် ၎င်းတို့၏ နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များ နှင့် အခြားမဟာမိတ်အဖွဲ့များနှင့်အတူ အထက်ပါ လိမ်လည်လှည့်စားမှု တရားမဝင် ရာဇဝတ်လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခြင်းမရှိဟုဆိုလျှင်ပင် လုံခြုံရေးပေးခြင်း နှင့် အထောက်အကူပြုပေးခြင်းများ တို့ဖြင့် တိုက်ရိုက်ပါဝင်နေသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများဖြစ်ကြသော အမျိုးသားညီညွတ်ရေးအစိုးရ၊KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ)၊ KNU (ကရင်အမျိုးသားအစည်းအရုံး)၊ CNF (ချင်းအမျိုးသားတပ်ဦး)၊ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး)၊ NMSP –AD (မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး)၊ WLB (အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ) နှင့် မြန်မာနိုင်ငံရှိ အခြား အဖွဲ့အစည်းများသည် လူသားအပေါ်အမြတ်ထုတ်မှုအလုံးစုံအား အခိုင်အမာ ဆန့်ကျင် ပြီး ၂၀၂၁ ခုနှစ်တွင် မတရားအာဏာသိမ်းရန် ကြိုးပမ်းခဲ့သော စစ်ကောင်စီကို စဉ်ဆက်မပြတ် ခုခံတော်လှန်သွားရန် ကတိကဝတ် ထားရှိကြောင်း ထုတ်ပြန်သည်။
“ မိမိတို့သည် မြန်မာနိုင်ငံကို ဒေသတွင်း ပဋိပက္ခများပိုမိုဆိုးရွားနိုင်စေသည်သာမက ဒေသတွင်းနှင့် ကမ္ဘာတဝန်းရှိ ပြည်သူများကိုပါ ထိခိုက်စေသည့် ဆိုက်ဘာနှင့် အခြားရာဇဝတ်မှုများ၏ ဗဟိုချက်မ မဖြစ်လာ စေရေးအတွက် ကာကွယ်တားဆီးရန် ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချပါသည်။”ဟု အသိပေးသည်။
ဖြစ်ပေါ်နေသောအခြေအနေ၏ တိုက်ရိုက်အကျိုးဆက်ကြောင့် ပြည်တွင်း၊ ပြည်ပတွင် ဒုက္ခရောက်သူ များစွာရှိနေပြီး မြန်မာ နိုင်ငံ၏ လုံခြုံရေးကိုလည်း ဆိုးရွားစွာခြိမ်းခြောက်နေကာ ဒေသတွင်း တည်ငြိမ်ရေးကိုပါ ထိခိုက်လျက်ရှိသည် ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီသည် ၎င်း၏အာဏာတည်မြဲရေး အတွက်သာ အာရုံစူးစိုက် လုပ်ကိုင်လျက်ရှိရာ ဤအရေးကြီးသော ပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် မစွမ်းဆောင်နိုင်ခြင်း သို့မဟုတ် ဖြေရှင်းလိုသည့်ဆန္ဒမရှိခြင်းတို့ကို တွေ့ရကြောင်း ဖော်ပြသည်။
အဆိုပါနိုင်ငံဖြတ်ကျော်မှုခင်းများ ကို ထိရောက်စွာ တိုက်ဖျက်ရန်အတွက် မိမိတို့နှင့်အတူ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့အား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ ထိရောက်သော လမ်းကြောင်းများကို တည်ထောင်သွားရန် မိမိတို့အရေးတကြီး တောင်းဆိုကြောင်းလည်း ထုတ်ပြန်သည်။
မြန်မာနိုင်ငံအတွင်းရှိ ကျယ်ပြန့်သော နယ်မြေအသီးသီးကို ထိန်းချုပ်ထားသည့် တော်လှန်ရေး ဖယ်ဒရယ် ဒီမိုကရေစီ မိတ်ဖက်အင်အားစုများအနေနှင့် နှစ်နိုင်ငံချင်း ထိတွေ့ဆက်ဆံမှုများမှလည်းကောင်း၊ အာဆီယံ ဒေသတွင်း နှင့် ကုလသမဂ္ဂ၏ အေဂျင်စီများမှလည်းကောင်း နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသည်ဟုလည်း အသိပေးသည်။
ထိုသို့ အတူတကွလုပ်ဆောင်ခြင်းဖြင့် ဆိုက်ဘာရာဇ၀တ်မှုနှင့် လူသားအပေါ် အမြတ်ထုတ်ခြင်း ဆိုင်ရာ ရာဇဝတ်မှုများကို အမြစ်ပြတ်တိုက်ဖျက်နိုင်ပြီး တရားမျှတမှုနှင့် တည်ငြိမ်အေးချမ်းသော အုပ်ချုပ်ရေး ပြန်လည်ထူထောင်နိုင်မည် ဖြစ်ကြောင်းလည်း NUGနှင့် မဟာမိတ်များက ထုတ်ပြန်ခဲ့သည်။
ယခု ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မေးမြန်းရန် ကြေညာချက် ပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် KNU နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးတို့အား ဆက်သွယ်ထားဆဲဖြစ်သည်။
(မြ၀တီမြို့မှ ထွက်ပြေးလာသော အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦးအား ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်က ဖမ်းဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ − ဘန်ကောက်ပို့စ်)