စစ်ဘေးကြောက်၍ ငွေဆောင်ခရီးစဥ် လက်မှတ်ဝယ်ထားသူများ လျော့စျေးဖြင့် ပြန်ရောင်း၊ ဝယ်မည့်သူမရှိ

by

in

စစ်ဘေးကြောက်၍ ငွေဆောင်ခရီးစဥ် လက်မှတ်ဝယ်ထားသူများ လျော့စျေးဖြင့် ပြန်ရောင်း၊ ဝယ်မည့်သူမရှိ
ကီရာ
မဇ္ဈိမ။ ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ငွေဆောင်ကမ်းခြေသို့ ခရီးအလည်အပတ်သွားရောက်ရန်စီစဥ်ထားသူများသည် ၎င်းတို့ ဝယ်ယူထားသည့် ကားလက်မှတ်များနှင့် အခန်းကြိုတင်ဌားရမ်းခငွေပေးချေမှု(ဟိုတယ်ဘိုကင်ကြေး)များကို လျော့စျေးဖြင့် ပြန်လည်ရောင်းချနေကြကြောင်း ရောင်းချနေသူများထံက သိရသည်။

ငွေဆောင်ကမ်းခြေနှင့် ၉၂ မိုင်ခန့် ( ကားဖြင့်သွားလျှင် လေးနာရီခွဲဝန်းကျင်အကွာအဝေး) အကွာရှိ ရွှေသောင်ယံမြို့၊ မကျီးဇင် ကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေသည်။ ထို့ကြောင့် လုံခြုံရေးစိတ်မချရ၍ ပြန်လည်ရောင်းချနေရခြင်းဖြစ်ကြောင်း ရောင်းချနေသူများကဆိုသည်။
“တိုက်ပွဲကြောင့် အလုပ်ခရီးက ရက်ရွေ့လိုက်ရတာပေါ့။ မိသားစုကလည်း စိတ်ပူနေတာကြောင့်ပါတယ်။ နေ့တိုင်း သတင်းတွေ နားထောင်ပြီး မသွားဖို့ဘဲ ပြောနေတာ နေ့တိုင်းပဲ”ဟု လက်မှတ်ပြန်လည်ရောင်းချနေသူတဦးက ပြောသည်။
ရောင်းချရာတွင် ကျပ်သောင်းကဏန်းဝန်းကျင်မှ ကျပ် ၂၀၀,၀၀၀ ဝန်းကျင်အထိ လျော့ချရောင်းနေသည်ကို မြင်ရပြီး ဝယ်ယူလိုသူများအနေဖြင့် စျေးနှုန်းထပ်မံညှိုနှိုင်းနိုင်ကြောင်း ကမ်းလှမ်းထားကြသည်။ ဟိုတယ်ဘိုကင်တဆင့်ပြန်လည်ဝယ်သူများ အဆင်ပြေစေရန်လည်း ဟိုတယ်များဘက်က အဆင်ပြေသည့်ရက်ကို ရွေးချယ်တည်းခိုနိုင်ရန်စီစဥ်ထားကြောင်း ရောင်းချသူများက ကြော်ငြာနေကြသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ငွေဆောင် ကမ်းခြေတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားနေခဲ့သော်လည်း တိုက်ပွဲသတင်းများကြောင့် ခရီးသွားလာသူများ သိသိသာသလျော့နည်းသွားသည်ဟုလည်း ငွေဆောင်ဒေသခံက ဆိုသည်။
“ အရင်ကဆိုရင် ခရီးသွားဧည့်သည်ကားတွေ အများကြီးပဲလာတာ လမ်းတွေပိတ်လုမတက်ဘဲ။ အခုကျ အိမ်စီးကားတွေနည်းသွားတယ်။ ခရီးသွားကားကြီးတွေလောက်ပဲ လာတော့တယ်။ အရင်က ၁၀ စီးလာရင် အခု တစီးလောက်ပဲ လာတော့တာပေါ့။ ခရီးသွားတွေ နည်းကုန်တာက တိုက်ပွဲသတင်းတွေစကြားကတည်းကနေ အခုထိပဲ”ဟု ၎င်းဒေသခံက ပြောသည်။
ငွေဆောင် ချောင်းသာ လူမှုကွန်ရက်ဂရုများတွင် အွန်လိုင်းပေါ်က သတင်းများကို မယုံရန်နှင့် လက်ရှိတွင်လည်း ကမ်းခြေများမှာ ခရီးသွားများဖြင့် ပုံမှန်စည်ကားနေကြောင်း လှုံဆောင်နေကြသည်ကိုလည်း တွေ့ရသည်။
“အွန်လိုင်းပေါ်က ဂရုတွေမှာ လိုက်မေးကြည့်တော့လည်း ဒေသခံတွေက အေးဆေးပဲလို့ ပြောတယ်ခင်ဗျ။ လူတွေလည်း လာကြတယ်ပြောတယ်။ ပြီးတော့ တနိုင်ငံလုံးလည်း ဖြစ်နေတာဆိုတော့ မထူးတော့ဘူးလို့ပဲတွေးပြီး သွားလိုက်တော့မယ်။ ပိုက်ဆံလည်း နှမျောတယ်လေ”ဟု ခရီးစဥ် ကားလက်မှတ်နှင့် ဟိုတယ်ဘိုကင် ပြန်လည်ရောင်းချနေသူတဦးက ပြောသည်။
ထိုသို့ပြန်လည်ရောင်းချနေသူများကို မဇ္ဈိမက လိုက်လံမေးမြန်းရာ ဝယ်ယူသူမရှိကြောင်း ပြန်လည်ဖြေဆိုကြသည်။
ငွေဆောင်ဒေသခံများမှာ မကျီးဇင်တိုက်ပွဲစဖြစ်သည့်အချိန်ကစ၍ စစ်ရှောင်ရန် အထုပ်အပိုးများ အဆင်သင့်ပြင်ထားသည့် အနေအထားမျိုးဖြင့် နေထိုင်နေကြသည်ဟုလည်း သိရသည်။
“မကျီးဇင်ဘက်စဖြစ်တော့ အထုပ်တွေသိမ်းပြီး ပုသိမ်ဘက်ဖြစ်ဖြစ် ရွာတွေဘက်ဖြစ်ဖြစ် စစ်ရှောင်ကြမလို့ပါပဲ။ အခုကတော့ နည်းနည်းအေးဆေးဖြစ်သွားတော့ စစ်ရှောင်တာတော့ မလုပ်သေးဘူး။ အထုပ်တွေကတော့ အဆင်သင့်ပြင်ထားပါတယ်။ စစ်ရှောင်တာ မလုပ်သေးတာက ဒီမှာ တော်တော်များများက ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး နေကြတာလည်း ပါသလို တချို့ကျတော့လည်း ဒီအိမ်ကိုစွန့်ပြီး စစ်ရှောင်တာမျိုး မလုပ်ချင်တာလည်း ပါပါတယ်”ဟု ငွေဆောင်ဒေသခံက ပြောသည်။
ဇန်နဝါရီလ ၉ ရက်က မကျီးဇင်ကျေးရွာရဲစခန်းကို AAနှင့် ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မကျီးဇင်ကျေးရွာမှ ဘောမိကျေးရွာသို့ စွန့်ခွာထွက်ပြေးလာသည့် စစ်ကောင်စီတပ်နှင့် AA ပူးပေါင်းအဖွဲ့တို့ ယမန်နေ့(ဇန်နဝါရီလ ၁၇ ရက်)တွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း အစပ်ရှိ ရွှေသောင်ယံမြို့နယ်အတွင်းက တိုက်ပွဲများသည် ဇန်နဝါရီလ ဒုတိယပတ်အတွင်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#ငွေဆောင်
#ခရီးသွား
#Mizzima
#ပြည်တွင်းသတင်း