ဘောမိကျေးရွာအား AA နှင့် ပူးပေါင်းအဖွဲ့များသိမ်းပိုက်

by

in

ဘောမိကျေးရွာအား AA နှင့် ပူးပေါင်းအဖွဲ့များသိမ်းပိုက်
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ဘောမိကျေးရွာအား ရက္ခိုင့်တပ်တော် (AA)နှင့် ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် သိမ်းပိုက်နိုင်ပြီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်ပြီး ဘောမိကျေးရွာတဝိုက်တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် ၃ ရက်အကြာတွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။
“ တိုက်ပွဲကနေ့လည်ပိုင်းလောက်ထဲက ရပ်သွားပြီ ပစ်ခတ်သံတွေတော့ မကြာတော့ဘူး၊ ဒါပေမယ့် လေယာဉ်နဲ့ ဗုံးလာကျဲတာတွေ လက်နက်ကြီးပစ်သံမျိုးတွေတော့ ကြားရတယ်။ စကစတပ်သားတွေတော့ ပြေးကုန်ပြီပြောတယ”ဟု ရွှေသောင်ယံမြို့နေ ဒေသခံအမျိုးသားတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်ကောင်စီတပ်က တိုက်ပွဲများပြင်းထန်လာချိန်တွင် လက်နက်ခဲယမ်းများနှင့် တင်ကား ၃ စီးအား မီးရှို့ကာ တပ်ဆုတ်ထွက်ပြေးသွားသည့်ဟု ဒေသခံများက ပြောသည်။
ရွှေသောင်ယံမြို့မှ တဆင့် စစ်ကူအင်အား ၂၀၀ ကျော်နှင့် သာပေါင်းမြို့မှတဆင့် စစ်ကူအင်အား ၃၀၀ ကျော် ပို့ဆောင်ပြီး စစ်ကောင်စီတပ်က ခံစစ်အခိုင်အမာပြုလုပ်ခဲ့သော်လည်း ထိုးစစ်ပြင်းထန်လာချိန်တွင် တပ်ပျက်ကာ ထွက်ပြေးသွားခဲ့ရကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရသည်။
“ လောလောဆယ် ဘောမိက ကျသွားလား မကျဘူးလားဆိုတာ ပြောဖို့ခက်တယ်၊ ဒီနတခက လွှတ်လိုက်တဲ့ စစ်ကြောင်းတွေနဲ့တော့ နေ့လည်လောက်က စပြီး အဆက်သွယ်ပြတ်နေတယ်’’ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ဘောမိကျေးရွာတွင် တိုက်ပွဲများပြင်းထန်ခဲ့သဖြင့် ဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင်နေရသလို နေအိမ်များလည်း စစ်ကောင်စီတပ်က ဗုံးကျဲမှုများကြောင့် မီးလောင်နေကြောင်း သိရှိရသည်။
ရက္ခိုင့်တပ်တော် (AA)နှင့် ပူးပေါင်းတပ်များသိမ်းပိုက်ထားသည့် ဘောမိကျေးရွာသည် သာပေါင်းမြို့နှင့် မိုင် ၅၀ ခန့်ဝေးပြီး ရွှေသောင်ယံမြို့ကို ကားလမ်းဖြင့် မိုင် ၉၀ ကျော်ဝေးကာ ချောင်းသာမြို့နှင့် မိုင် ၈၀ ကျော်ကွာအဝေးတွင်ရှိသည်။
#ဘောမိကျေးရွာ #ပုသိမ်မြို့နယ် #အရက္ခတပ်တော် #AA #ဧရာဝတီတိုင်း #Ayeyarwaddy_Times