မြန်မာတွေကို ဗီဇာသက်တမ်းတိုးပေးမယ်လို့ တောင်ကိုရီးယားတရားရေးဌာန ထုတ်ပြန်

by

in

မြန်မာတွေကို ဗီဇာသက်တမ်းတိုးပေးမယ်လို့ တောင်ကိုရီးယားတရားရေးဌာန ထုတ်ပြန်
~~~
■ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေထဲက ပတ်စပို့သက်တမ်းကုန်ဆုံးသူတွေကို ဗီဇာသက်တမ်းတိုးပေးသွားမယ်လို့ တောင်ကိုရီးယားအစိုးရ တရားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံကူးလက်မှတ်ရဖို့နဲ့ သက်တမ်းတိုးဖို့ အခက်အခဲရှိတဲ့ မြန်မာနိုင်ငံသားတွေ တောင်ကိုရီးယားနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ပံ့ပိုးကူညီသွားမှာဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုကျော်ဆန်းက RFA ကိုပြောပါတယ်။
“တောင်ကိုရီးယားနိုင်ငံရဲ့ တရားရေးဝန်ကြီးဌာန ထုတ်ပြန်ပြောဆိုချက်အရ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ ပတ်စ်ပို့သက်တမ်းတိုးဖို့ အခက်အခဲရှိတဲ့သူတွေအနေနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ လုံခြုံစိတ်ချစွာနေထိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုထားတာဖြစ်ပါတယ်”
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားတဲ့သူတွေကို ပတ်စ်ပို့ အမည်ပျက်စာရင်းသွင်းတာတွေ၊ တော်လှန်ရေးဇနီးမောင်နှံက မွေးဖွားလာတဲ့ ကလေးတွေကို မွေးစာရင်းမထုတ်ပေးတာတွေ လုပ်ခဲ့တဲ့အတွက် တောင်ကိုရီးယားရောက် မြန်မာပြည်သူတွေ အခက်အခဲမျိုးစုံ ကြုံတွေ့နေရတယ်လို့ ကိုကျော်ဆန်းက ဆက်ပြောပါတယ်။
“အခုအချိန်မှာ တရားရေးဝန်ကြီးဌာနမှ ပတ်စ်ပို့သက်တမ်းမရှိလည်း ဗီဇာသက်တမ်းတိုးလို့ရအောင် ကူညီပေးသွားမယ့် ထုတ်ပြန်ပြောဆိုမှုတွေက ရှင်းရှင်းပြောရရင် တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေ Blacklist စာရင်းသွင်းထားလည်း ဗီဇာသက်တမ်းဆက်ပြီး တိုးလို့ရသွားမဲ့ အနေအထားမျိုးဖြစ်သွားတဲ့အတွက် ဒါတော်လှန်ရေးအတွက် ဒီမိုကရေစီအရေးအတွက် တက်ကြွလှုပ်ရှားတဲ့သူတွေအတွက် အကူအညီ အထောက်အပံ့အများကြီးဖြစ်စေပါတယ်”
တရားရေးဝန်ကြီးဌာနက လူသားချင်းစာနာမှုအစီအမံနဲ့အညီ မြန်မာနိုင်ငံအခြေအနေ မတည်ငြိမ်မချင်း မြန်မာနိုင်ငံသားတွေ တောင်ကိုရီးယားနိုင်ငံကနေ ထွက်ခွာရမဲ့ အမိန့်ကိုလည်း ရွှေ့ဆိုင်းလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တောင်ကိုးရီးယား တရားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နေထိုင်ခွင့်ဗီဇာ (G-1-99) ထုတ်ပေးခဲ့ပါတယ်။
______________
တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် ကျင်းပသည့် ၁၇ ကြိမ်မြောက် အာရှအားကစားပွဲမြင်ကွင်းတစ်ခု။ (Photo: AFP)