တရုတ်အနေနဲ့ မြန်မာ့အရေးမှာ ပိုမိုဝင်ရောက်စွက်ဖက်လာပြီလို့ ဒေါက်တာဇော်ဝေစိုး သတိပေး

by

in

တရုတ်အနေနဲ့ မြန်မာ့အရေးမှာ ပိုမိုဝင်ရောက်စွက်ဖက်လာပြီလို့ ဒေါက်တာဇော်ဝေစိုး သတိပေး
ဩဂုတ် ၂၁၊ ၂၀၂၄

တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ သာမန်ထက်ပိုမိုပြီး ဝင်ရောက်စွက်ဖက်မှုတွေရှိနေလို့ ရပ်တန့်ဖို့ လိုအပ်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားလိုက်ပါတယ်။
တရုတ်အနေနဲ့ အခုလိုအချိန်မှာ စစ်ကောင်စီကို လုံး၀အသိအမှတ်မပြုသင့်ဘဲ ပြည်သူ့ဆန္ဒကို လေးစားလိုက်နာဖို့ ဒေါက်တာဇော်ဝေစိုးက ပြည်သူမှပြည်သူ့ အစီအစဉ် မေးမြန်းခန်းမှာ ထည့်သွင်းပြောကြားသွားတာပါ။
ပြည်သူကို သတ်ဖြတ်နေတဲ့ တရားမဝင်တဲ့ အာဏာသိမ်း စစ်ကောင်စီကို တရုတ်အနေနဲ့ ဆက်ဆံမှုတွေ ရပ်တန့်သင့်ပြီး ပြည်သူဆန္ဒကို နားလည်သဘောပေါက်ဖို့ လိုအပ်ပြီဖြစ်ကြောင်း ၎င်းကပြောပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ အနေနဲ့ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နေပြည်တော်မှာ လာရောက်တွေ့ဆုံမှုဟာ စစ်ကောင်စီအတွက် နိုင်ငံတကာက အသိအမှတ်ပြုတယ်ဆိုတဲ့ ဓာတ်ပုံတစ်ပုံရိုက်ခွင့် အခွင့်အရေးသာ ရရှိခဲ့တယ်လို့ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။
“တရုတ်က ကျနော်တို့နိုင်ငံအရေးကို ပုံမှန်ထက်ကျော်လွန်ပြီး ပါဝင်နေတယ်လို့ ကျနော်မြင်တယ် ရေရှည်ဆက်ဆံသွားရမယ့် နိုင်ငံကြီးလည်း ဖြစ်တယ်ဆိုတော့ နိုင်ငံကြီးတစ်ခုရဲ့ ရပ်တည်မှုကိုလေးစားသဘောပေါက်ပေမယ့်ဒါပေမယ့်လည်း ဒီလို အခြေအနေမျိုးမှာ ဘယ်ဘက်ကို ဘယ်လိုရပ်သင့်သလဲ ပြည်သူတွေ ဘာလိုချင်လဲဆိုတာကို သေချာသုံးသပ်ပြီးတော့မှ ဒါမျိုးတွေကို လုပ်စေချင်တယ် ပြည်သူကိုသတ်နေတဲ့ တရားမဝင်တဲ့အစိုးရကို အခုလို ပုံစံမျိုးမဆက်ဆံသင့်ဘူးလို့ သတင်းစကားပေးချင်ပါတယ် “လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြခဲ့သလို တွေ့ဆုံမှုဟာ တရုတ်က မင်းအောင်လှိုင်နဲ့ စစ်တပ်တစ်ခုလုံးကို အသိအမှတ်ပြု ကူညီထောက်ပံ့မှုတွေ ရှိလာမှာမဟုတ်ဘူးဆိုတာကိုတော့ ပေါ်လွင်ကြောင်း၎င်းကဆိုပါတယ်။
တရုတ်သံရုံးနဲ့ တရုတ်မီဒီယာတွေမှာ ဖော်ပြလာမှုအရ မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံမှုဟာ သာမာန်ပြင်ပလေ့လာသုံးသပ်မှုတွေအရ အတိအကျမသိရှိနိုင်ဘဲ ပိုမိုပြီးနက်နဲနိုင်ကြောင်း ဒေါက်တာဇော်ဝေစိုးက သုံးသပ်ပါတယ်။
ဒါ့ကြောင့် လက်ရှိ တရုတ်နိုင်ငံက စစ်ကောင်စီကို အသိအမှတ်ပြုသလိုမျိုး အခြားသော အိမ်နီးချင်းနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေ နိုင်ငံတကာက စစ်ကောင်စီကို အခုလိုလုပ်ရပ်မျိုးမလုပ်ဖို့လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပိုမိုပေးအပ်သွားဖို့လည်း ဒေါက်တာဇော်ဝေစိုးက တောင်းဆိုလိုက်ပါတယ်။