မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

by

in

မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ ဇန်နဝါရီ၁၂
မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် မြင်းခြံ- တောင်သာ-မန္တလေးသွားကားလမ်းတွင် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
“ကျနော်တို့သိထားရတာက မနက်ခင်းပိုင်းက တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲအတွင်းပါတဲ့အဖွဲ့တွေက မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ အထူးကွန်မာဒိုအဖွဲ့ 2ICကိုဗညားနဲ့ မြင်းခြံခရိုင်တပ်ရင်း ၁ ကိုတီးတို့က ဦးဆောင်ပြီး မြင်းခြံခရိုင်တပ်ရင်း ၁ ၊ မြင်းခြံခရိုင်တပ်ရင်း ၂၊ မြင်းခြံခရိုင်တပ်ရင်း ၃ နဲ့ မြင်းခြံခရိုင်ရပ်ကျေး ပကဖ ကိုစွန်ရဲအဖွဲ့ တို့က ပူးပေါင်းလုပ် ဆောင်ခဲ့တာလို့လည်း သိရပါတယ်။ နောက်ပြီးတော့ စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်တဲ့နေရာမှာ ၅၀ကျော် သေဆုံးပြီး မြင်းခြံ ဆေးရုံမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ခွေး ၄ ကောင်ထပ်သေးဆုံးတယ်ဆိုတာမျက်မြင်တွေ့ထားရတယ်” ဟု တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တပ်လော်ဘီ တယ်လီဂရန်ချန်နယ်များတွင် မြင်းခြံမြို့ ပျူစောထီးခေါင်းဆောင် သီတာယုမွန်နှင့်အဖွဲ့ ပစ်ခတ် တိုက်ခိုက်ခံရသဖြင့် ထွက်ပြေးခဲ့ရပြီး ၁၂ ဦးသေဆုံးကြောင်း၊ ၄ ဦး၏ အလောင်းများကို ကားဖြင့် ပြန်လည် သယ်လာနိုင်ပြီး သေနတ် ၁၂ လက် ဆုံးရှုံးခဲ့ရကြောင်း၊ Jammer စက်လည်း ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။
မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကြားတပ်ဖွဲ့ မှ ကိုဗညားကတော့ စစ်ကောင်စီတပ်၏ စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်ခဲ့မှု မှန်ကန်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း ပြောဆိုသည်။
“ကျနော်တို့ မြင်းခြံ တောင်ဘက် ၊ နန်းမြင့်တောင်ကြားမှာ တိုက်ပွဲဖြစ်တာ။ အဲဒီလမ်းက မြင်းခြံနဲ့ တောင်သာကို သွားတဲ့ လမ်း မပေါ် မှာ အခုတိုက်ပွဲ ဖြစ်တာလို့လည်း ပြောလို့ရတယ်။ စစ်ကြောင်းက တနေ့က မြင်းခြံမြို့အတွင်းကနေ ဖောကား ၁ စီး၊ ခွေးဘီးလူး ၁ စီး စုစုပေါင်း ကား ၂ စီးနဲ့ တောင်သာလမ်းအတိုင်း ထွက်လာတာကို ကျနော်တို့ဘက်က ပိတ်ဆို့ ပြီး မနေ့ မနက်ခင်းတိုက်ခိုက်ခဲ့တာ။ စစ်တပ်က စစ်သား၅၀ကျော် နေရာတင် သေဆုံးပြီး သူတို့မြင်းခြံမြို့ဆေးရုံရောက်မှ စစ်သား၅ ဦးထပ်ဆုံးတယ်။ ကျနော်တို့ ဘက်မှာ တော်လှန်ရေး ရဲဘော် ၃ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်” ဟု မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကြားတပ်ဖွဲ့ မှ ကိုဗညားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အမှတ် ၁ စစ်ဒေသ၏ ထုတ်ပြန်ချက်တွင်မူ ဇန်နဝါရီလ ၁၂ ရက်နေ့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံနှင့် တောင်သာသို့သွားသည့်လမ်းတွင် ခမရ-၁၅၊ ရဲ နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်ကို တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းမှာ နန်းမြင့်ရွာနှင့် တောင်ရှေ့ရွာသို့ စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်ကြောင်းဖြစ်ပြီး ၎င်းစစ်ကြောင်းကို မြင်းခြံခရိုင် တပ်ရင်း ၁၊ ၂၊ ၇ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ ၂၀ ဦး သေဆုံးခဲ့ပြီး MA-1 ၁ လက်၊ MA-3 ၆ လက်၊ G-3 ၃ လက်၊ MA ကျည် ၅၁ တောင့်၊ G-3 ကျည် ၁၅၉ တောင့်၊ 9Volt ကျည် ၈ တောင့်၊ ကျည်အိမ် ၂၄ ခု၊ Jammer အကြီး ၁ လုံး၊ ကျောပိုး Jammer ၁ လုံး သိမ်းဆည်းရမိကြောင်း သိရှိရသည်။

မြင်းခြံမှာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုနဲ့ပျူ ဆယ်နဲ့ချီ သေ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ၊
MN/MFP ၊ ဇန်နဝါရီ – ၁၂
မန္တလေးတိုင်း၊ မြင်းခြံမြို့အဝင် နန်းမြင့်တောင်အနီး ဒီကနေ့ မနက်ပိုင်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားရာ တော်လှန်ရေးတပ်တွေ အောင်ပွဲရပြီး စစ်အုပ်စုနဲ့ ပျူစောထီးတွေ ဆယ်နဲ့ချီ သေကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း ရရှိတယ်လို့ သတင်းရရှိပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၁၂ ရက် မနက်ပိုင်း မြင်းခြံမြို့အဝင် နန်းမြင့်တောင်ကြားမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး PDF တွေက တံတားတစ်စင်းကို မိုင်းထောင်ဖောက်ခွဲသွားတယ်လို့ စစ်အုပ်စုကလည်း သတင်းဖြန့်ပါတယ်။
ပစ်ခတ်တိုက်ခိုက်သံတွေ မြင်းခြံမြို့ပေါ်က ကြားရတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
“မြင်းခြံမြို့ပေါ်က ပျူ၊စခတွေ အလောင်းမကောက်နိုင်အောင်ထိ ဂ-န့်၊ထိ ခဲ့” လို့ မြင်းခြံ လူထု လှုပ်ရှားမှုကော်မတီကလည်း ဖော်ပြထားပါတယ်။
အဲ့ဒီ တိုက်ပွဲအတွင်း စစ်အုပ်စုနဲ့ပျူတွေ ၁၀ ယောက်ထက်မနည်း သေပြီး MA – 1 အမျိုးအစား သေနတ် ငါးလက်၊ MA-3 အမျိုးအစား သုံးလက်၊ G-3 အမျိုးအစား သုံးလက်၊ ကိုးလုံးကျည် ထည့်သွင်းပစ်ခတ်ရတဲ့ လက်နက် တစ်လက်၊ ဒရုန်းဖျက် shooter တစ်လက်နဲ့ ဂျန်ဘာ တစ်လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံလူထု လှုပ်ရှားမှု ကော်မတီက ဆိုပါတယ်။
“၄လုံးမ (သီတာယုမွန်) အိမ်မှာ ၄ခေါင်းပြင်ပြီး လူစည်နေ။ ကားပေါ်က ၈လောင်း မသယ်နိုင်သေး။ မကောက်နိုင်ဘဲ ထားခဲ့ရတာက ရေတွက် မရသေး” လို့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက ဖော်ပြပါတယ်။
မြင်းခြံမြို့အနီး တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့ MFP က တော်လှန်ရေးတပ်တွေကို ဆက်သွယ် မေးမြန်းရာ မကြာခင် သတင်းအပြည့်အစုံ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
မြင်းခြံခရိုင်အတွင်း ၂၀၂၄ ဩဂုတ်လ ၁၀ ရက်က စလို့ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation – MDSO အဖြစ် ကြေညာကာ တော်လှန်ရေး တပ်တွေက စစ်အုပ်စုကို ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
Photo – ZERO ကိုသက်ကြီး FB