ရန်ကုန်-မန္တလေး အမြန်လမ်းအနီးတွင် စစ်ကောင်စီလက်အောက်ခံ Non-CDM ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်း အဖမ်းခံရ

by

in

ရန်ကုန်-မန္တလေး အမြန်လမ်းအနီးတွင် စစ်ကောင်စီလက်အောက်ခံ Non-CDM ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်း အဖမ်းခံရ
ရန်ကုန်၊ ဇန်နဝါရီ ၉
ရန်ကုန်-မန္တလေး အမြန်လမ်းအနီး နတ်မောက်-ပျော်ဘွယ်လမ်းပေါ်တွင် စစ်ကောင်စီလက်အောက်ခံ Non-CDM ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်း အဖမ်းခံရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၆၂ အနီး၊ နတ်မောက်-ပျော်ဘွယ် လမ်းပေါ် တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်းကို စစ်ဆေးဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ အဆိုပါ လက်ထောက်ညွှန်ကြားရေးမှူးမှာ မွေးရပ်ဇာတိ ရွှေတောင်မှ တာဝန်ကျရာ တောင်ကြီးသို့ အသွားတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရှီရသည်။
“သူ့မွေးရပ် ရွှေတောင်ကနေ တာဝန်ကျတဲ့ တောင်ကြီးကို အပြန်လမ်းမှာ အစစ်ဆေးခံရရင်း အဖမ်းခံရတာ ဖြစ်ပါတယ်။
သူ က ရှမ်းမြောက်မှာ တာဝန်ကျနေတဲ့ အင်ဂျင်နီယာဖြစ်ပြီးတော့ တောင်ကြီးမှာ ပူးတွဲ တာဝန်ထမ်းဆောင်နေရတာပါ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လွန်ခဲ့သော ဒီဇင်ဘာလအတွင်းကလည်း မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ရွှေဘ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရာရှိများနှင့် အရပ်ဘက်ဝန်ထမ်းများကို ရန်ကုန်-မန္တလေး အမြန်လမ်း ၊ မိုင်တိုင်အမှတ် ၂၆၂ တွင် တော်လှန်ရေးတပ်များက စစ်ဆေး ဖမ်းဆီးသွားခဲ့ပြီးနောက် ယခုထပ်မံ၍ ဖမ်းဆီးမှုများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း Natogyi People Defense Force မြင်းခြံခရိုင် အမှတ် ၄-၁၀ တပ်ရင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၃၁၈ တွင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဒီဇင်ဘာလ ၂၃ ရက်နေ့ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တော်လှန်ရေးတပ်များက တက်ရောက်စစ်ဆေးနေစဉ်။