လက်ကျန် စစ်တပ်စခန်း ၃ခုကို KIA သိမ်းပိုက်နိုင်ခဲ့လို့ မံစီမှာ စစ်ကောင်စီ ကင်းစင်ပြီ.. ဗန်းမော်မြို့ကို KIA ဆက်လက်ထိုးစစ်ဆင်နေ..

by

in

လက်ကျန် စစ်တပ်စခန်း ၃ခုကို KIA သိမ်းပိုက်နိုင်ခဲ့လို့ မံစီမှာ စစ်ကောင်စီ ကင်းစင်ပြီ..
ဗန်းမော်မြို့ကို KIA ဆက်လက်ထိုးစစ်ဆင်နေ..
ဇန်နဝါရီ ၈၊ ၂၀၂၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ ဇန်နဝါရီ ၈ရက် မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
မံစီမြို့က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ (၆၀၁)၊ ခမရ (၃၁၉)နဲ့ အမတ (၃၅၂) တို့ကို KIA က သိမ်းပိုက်ကာ လက်နက်ခဲယမ်းအများအပြားလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
KIA ဟာ မံစီမြို့မှာ အထက်ပါ တပ်စခန်း ၃ ခုကလွဲလို့ တစ်မြို့နယ်လုံးကို ၂၀၂၄ ခုနှစ်ကတည်းက သိမ်းပိုက်ထားနိုင်တာဖြစ်ပြီး ၂၀၂၅ နှစ်စမှာ အဲဒီ တပ်စခန်း ၃ကို သိမ်းပိုက်နိုင်ပြီဖြစ်တာကြောင့် မံစီဟာ စစ်ကောင်စီ ကင်းစင်သွားခဲ့ပါပြီ။
KIA ပူးပေါင်းတပ်တွေဟာ မံစီနဲ့ ဗန်းမော်ကို ဒီဇင်ဘာ ၄ရက်နေ့မှာ တပြိုင်နက် စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး မံစီမြို့ကို ရရှိသွားပြီဖြစ်သလို ဗန်းမော်ကိုလည်း ဆက်လက်တိုက်ခိုက်နေပါတယ်။
ဗန်းမော်မြို့က ခလရ (၄၇) တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်သားတွေက စကခ (၂၁) ဘက်ကို ထွက်ပြေးနေကြသလို အဲဒီလက်ကျန်စခန်း စကခ (၂၁) ကိုလည်း ချေမှုန်းနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Gadu Tang