ဒေါ်အောင်ဆန်းစုကြည်၏ အမှု ၂ မှု ပြစ်ဒဏ်လျော့ပေါ့ ၊ ၁ မှု လျှင် ၁လခွဲဝန်းကျင်သာ ပြစ်ဒဏ်လျော့ပေါ့မှုရ

by

in

ဒေါ်အောင်ဆန်းစုကြည်၏ အမှု ၂ မှု ပြစ်ဒဏ်လျော့ပေါ့ ၊ ၁ မှု လျှင် ၁လခွဲဝန်းကျင်သာ ပြစ်ဒဏ်လျော့ပေါ့မှုရ
001

မဇ္ဈိမ။ ။ ယနေ့ (ဇန်နဝါရီလ ၄ ရက် )တွင် ကျရောက်သည့် ( ၇၇ ) နှစ်မြောက်လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီက အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေးမှုနှင့်အတူ ပြစ်ဒဏ် ခြောက်ပုံ တပုံလျှော့ပေါ့မှုကိုလည်း ကြေညာခဲ့ရာ ထိုအထဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်စွပ်စွဲခံရသည့် အမှုများထဲမှ အမှုနှစ်မှုသာ အကျုံးဝင်လျက်ရှိသည်။
စစ်ကောင်စီက လူသတ်မှု၊ မုဒိန်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရ ပြစ်မှုများ၊ လက်နက်ဆိုင်ရာ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများနှင့် အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ ကျန်ပြစ်မှုများကို ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်၏ ခြောက်ပုံ တပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံခဲ့ရသည့် အမှုပေါင်း ၁၉ မှုရှိပြီး ထိုအထဲတွင် ၁၂ မှုသည် အဂတိမှုများဖြစ်ပြီး နှစ်မှုမှာ သဘာဝဘေးပုဒ်မဖြင့် စွပ်စွဲခံရသည့် အမှုများဖြစ်သည်။
ကျန် ငါးမှုတွင်လည်း သုံးမှုသည် ပြစ်ဒဏ်ပြည့်ပြီးသွားပြီဖြစ်သည့်အတွက် နိုင်ငံတော်လျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ)နှင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စွဲဆိုသည့် ပုဒ်မ ၁၃၀ (က)တို့သာ အကျုံးဝင်မည်ဖြစ်သည်။
စစ်ကောင်စီ ထိန်းချုပ်ထားသည့် တရားရုံးက ပုဒ်မ ၃(၁)(ဂ) အမှုကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလနှောင်းပိုင်းတွင် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ပြီး ပုဒ်မ ၁၃၀ (က) အမှုကို ၂၀၂၂ ခုနှစ် စက်တင်ဘာလအစောပိုင်းတွင် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့သည့်အတွက် လက်ရှိတွင် အဆိုပါ အမှုနှစ်မှုစလုံးမှာလည်း ပြစ်ဒဏ် တနှစ်အောက်သာ ကျန်ရှိတော့သည်။
ထို့ကြောင့် ခန့်မှန်း အမှုတမှုလျှင် တလခွဲဝန်းကျင်သာ ပြစ်ဒဏ်လျှော့ပေါ့မှု ရရှိမည်ဖြစ်သည်။
“သူက ပုံမှန်လျှော့ရက်ကတော့ ဘယ်လိုပဲဖြစ်ဖြစ်ပေးရတယ်လေ။ အဲ့ဒီပုံမှန်လျှော့ရက်တွေကို နှုတ်ပြီးမှ ကျန်တဲ့ပြစ်ဒဏ်ပေါ်မှာကိုပဲ ခြောက်ပုံတပုံပေးတာ” ဟု တရားရုံးနှင့် နီးစပ်သူတဦးကလည်း ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုဖြင့် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လထဲတွင် အမှုအချို့ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးခဲ့ကာ ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ချမှတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ စစ်ကောင်စီ၏ ခြောက်ပုံ တပုံ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်တွင် အမှုပေါင်း ရှစ်မှုဖြင့် စွပ်စွဲခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ် ဆက်လက်ချမှတ်ခံထားရသည့် သမ္မတဦးဝင်းမြင့်၏ အမှုများထဲမှ တမှုလည်း အကျုံးဝင်မည်ဖြစ်သည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#ပြည်တွင်းသတင်း
#လွှတ်ငြိမ်း
#နိုင်ကျဉ်း
#ဒေါ်အောင်ဆန်းစုကြည်