NUG ရဲ့ ကောလင်းမြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ…

by

in

NUG ရဲ့ ကောလင်းမြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ…
ဇန်နဝါရီ ၃၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကောလင်း မြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ သိရပါတယိ။
ကောလင်းမြို့နယ်ရဲ့ သယံဇာတကော်မတီအတွင်းရေးမှူး ဦးအရိန္ဒာမာဟာ ရှမ်းကလုံးကျေးရွာနဲ့ ရွှေတွင်းကျေးရွာကြားမှာ ဇန်နဝါရီလ ၂ ရက်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့လူမှုကွန်ရက်
စာမျက်နှာမှာ အသိပေး ထုတ်ပြန်ထားတာပါ။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က “အစပိုင်းမှာတော့ ဆိုင်ကယ် အက်စီးဒင့်ကြောင့်လို့ သတင်းပို့လာပေမယ့် စစ်ဆေးချက်အရ သေနတ်ပစ်ခံထားရတာ ဖြစ်ကြောင်းအတည်ပြုပါတယ်” လို့ လူမှုကွန်ရက်ကတစ်ဆင့် ရေးသားအသိပေးထားပါတယ်။
လုပ်ကြံခံရသူ ဦးအရိန္ဒာမာဟာ CDM အရာရှိတစ်ယောက်ဖြစ်ပြီး လူထုတော်လှန်ရေးအတွင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကောလင်းမြို့နယ် သယံဇာတ ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။
ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက မြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာအုပ်စုနဲ့ ကျေးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာဖြစ်သလို မြို့နယ် သယံဇာတကော်မတီ အတွင်းရေးမှူး လုပ်ကြံခံရတဲ့နေရာဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
ကောလင်းမြို့ကို အမှတ် (၁)စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေးရဲ့ ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာ ၆ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒါပေမယ့် စစ်ကောင်စီတပ်တွေက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ စစ်ကြောင်း ပြန်ထိုးပြီး မြို့ပေါ်ရပ်ကွက်တွေမှာ ပြန်လည်တပ်စွဲကာ မြို့ကို ပြန်လည်ထိန်းချုပ်သွားခဲ့တယ်လို့ သိရပါတယ်။

NUG၏ ကောလင်းမြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ
ကဖေး/People’s Spring
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ မြို့နယ်သယံဇာတကော်မတီအတွင်းရေးမှူး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရပြီး ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာတူးခေါင်က အသိပေးသည်။
ကောလင်းမြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူးဦးအရိန္ဒာမာသည် ရှမ်းကလုံးကျေးရွာနှင့် ရွှေတွင်းကျေးရွာကြားတွင် ဇန်နဝါရီလ ၂ရက်က လုပ်ကြံသတ်ဖြတ်ခံရခြင်းဟု ဆိုသည်။
” အစပိုင်းမှာတော့ ဆိုင်ကယ် အက်စီးဒင့်ကြောင့်လို့ သတင်းပို့လာပေမယ့် စစ်ဆေးချက်အရ သေနတ်ပစ်ခံထားရတာ ဖြစ်ကြောင်းအတည်ပြုပါတယ်”ဟု ဒေါက်တာတူးခေါင်က လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။
” အချင်းချင်းပြန်လုပ်ကြံတာမျိုးဆိုရင် ထိထိရောက်ရောက်ပြင်းပြင်းထန်ထန်အရေးယူပေးပါ”ဟု ဒေါက်တာတူးခေါင် ရေးသားထားသည့်ပို့စ်အောက်တွင် BaGyi Aungအကောင့်ပိုင်ရှင်က မှတ်ချက်ပြုထားသည်။
ဦးအရိန္ဒာမာသည် CDM အရာရှိဖြစ်ပြီး လူထူတော်လှန်ရေးတွင် ကောလင်းမြို့နယ် သယံဇာတ ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူဖြစ်သည်။
ကောလင်းမြို့ကို အမှတ် (၁)စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ နိုဝင်ဘာ ၃ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၆ ရက်တွင် သိမ်းပိုက်ခဲ့သည်။
စစ်ကောင်စီတပ်က ၂၀၂၄ ဖေဖော်ဝါရီ ၄ရက်က၍ စစ်ကြောင်းပြန်ထိုးပြီး ရက်အနည်းငယ်အကြာတွင် မြို့ပေါ်ရပ်ကွက်များ၌ ပြန်လည်တပ်စွဲကာ မြို့ကိုပြန်လည်ထိန်းချုပ်သွားခဲ့သည်။
မြို့ပေါ်ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာအုပ်စုနှင့် ကျေးရွာများကို ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။
ကောလင်းမြို့နယ် သယံဇာတကော်မတီ အတွင်းရေးမှူး လုပ်ကြံခံရသည့်နေရာသည် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ကျေးရွာဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
အမှုမှန်ဖော်ထုတ်ပြီးတော့ ကျူးလွန်သူကိုအရေးယူပေးရန် ကောလင်းမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဒေသခံများက တောင်းဆိုနေသည်။
၂၀၂၄ နိုဝင်ဘာ ၄ ရက်ကလည်း စစ်ကိုင်းတိုင်း၊ NUG၏ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံနှင့် မိသားစုဝင်များ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေး၊ ဇနီးဖြစ်သူ ဒေါ်ခြိမ့်ခြိမ့်သဲဝေနှင့် သုံးလအရွယ် သမီးငယ်တို့မှာ ကနီမြို့နယ်၊ တပုန်းရွာနေအိမ်တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။