မန္တလေးမှာ ရွှေဆိုင်က ရွှေ သုံးပိဿာကျော် ဓားပြတိုက်သူတွေကို စစ်အုပ်စု ဖမ်းဆီးပြ၊
CCTV ကတဆင့် ခြေရာခံ ဖမ်းမိဟုဆို၊
ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၂
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၇ လမ်း၊ ၃၆ လမ်းနဲ့ ၃၇ လမ်းကြားရှိ “ရွှေစင်အကယ်ဒမီရွှေဆိုင်” ကနေ ရွှေထည်ပစ္စည်း မျိုးစုံ သုံးပိဿာခွဲကျော်၊ တန်ဖိုးငွေကျပ်သိန်း ၃ဝ,ဝဝဝ ခန့် သေနတ်ပြ ခြိမ်းခြောက် ဓားပြတိုက် လုယက်မှုမှာ ပါဝင်သူတွေထဲက နှစ်ဦးကို ဖမ်းမိထားပြီး နှစ်ဦး လွတ်မြောက်နေတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
ဇန်နဝါရီ ၁၈ရက် ညနေပိုင်းက အဲ့ဒီ မန္တလေးမြို့၊ ၇၇ လမ်းပေါ်က ရွှေဆိုင် ဓားပြတိုက်ခိုက်ခံရတာ ဖြစ်ပြီး CCTV မှတ်တမ်းတွေကတဆင့် ခြေရာခံကာ ဒီဇင်ဘာလ ၂၃ရက်မှာ ကျူးလွန်ရာမှာ ပါဝင်သူ အမျိုးသားနှစ်ဦးကို မန္တလေး မြို့ပေါ်မှာပဲ ဖမ်းမိတာလို့ ဆိုပါတယ်။
“ပြစ်မှုကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ်မှတ်တမ်းများ ရယူခြင်း၊ နယ်မြေအတွင်း သတင်းရယူ စုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ “ရွှေစင်အကယ်ဒမီ”ရွှေဆိုင်အား လုယက်မှု ကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ဆိုင်ကယ် နှစ်စီးအနက် 36W/ — Honda CBR 150 အမျိုးအစား ဆိုင်ကယ်အား ချမ်းအေးသာစံမြို့နယ်၊ “အလင်းရောင်” ဆိုင်ကယ်ပြုပြင်ရေးဆိုင်၌ အမျိုးသားတစ်ဦး (စိစစ်ဆဲ) မှ ပြန်လည် ရောင်းချပေးရန် လာရောက်အပ်နှံ ထားကြောင်း သိရှိရ၍ စောင့်ဆိုင်း ဖမ်းဆီးခဲ့ရာ လုယက်မှု ကျူးလွန်ခဲ့သည့် တရားခံ ပုသိမ်ကြီးမြို့နယ်၊ ဂွေ့ကြီးကုန်းကျေးရွာနေ ဖြိုးသက်အောင် (ခ) ဖြိုးလေး (၂၅) နှစ် (ဘ) ဦးတင်အောင်အား ဒီဇင်ဘာလ ၂၃ ရက် ညနေ ၄ နာရီ ၂၀ မိနစ်တွင် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင် ရပ်ကွက်ရှိ “K- Mandalay” လက်ဖက်ရည်ဆိုင်အနီး၌ ဖမ်းဆီးရမိခဲ့ပြီး လုယက်ကျူးလွန်ရာမှ ဝေစုအဖြစ် ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများအား ၎င်းနေအိမ်၌ သိမ်းဆည်းထားကြောင်း ထွက်ဆိုချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ ၎င်း၏နေအိမ်ရှိ Air Cooler အတွင်းမှ သက်သေခံရွှေထည် ပစ္စည်းမျိုးစုံ (၆၂) ကျပ်သား၊ (၄)ပဲ၊ (၂) ရွေးအား သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ ဖမ်းဆီးရမိတရားခံ ဖြိုးသက်အောင် (ခ) ဖြိုးလေး၏ ထွက်ဆိုချက်အရ လုယက်မှု ကျူးလွန်ရာ၌ ပါဝင်သူတရားခံ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါ ရပ်ကွက်နေ ဇင်မျိုးထိုက် (ခ)ဇင်မျိုး (၂၉)နှစ်(ဘ) ဦးဖဲမောင်အား ဒီဇင်ဘာလ ၂၄ ရက် နံနက် ၂နာရီခွဲတွင် ၎င်း၏ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် SGG-47W/— Honda Click ဆိုင်ကယ် တစ်စီး၊ နေအိမ်အပေါ်ထပ်ရှိ Air Con အပေါ်မှ လုယက်ကျူးလွန်ရာမှ ဝေစုအဖြစ် ရရှိခဲ့သည့် ရွှေထည်ပစ္စည်း မျိုးစုံ (၂၄) ကျပ်သားခန့်တို့အားလည်းကောင်း၊ ဒီဇင်ဘာလ ၂၅ ရက် ည ၁၀ နာရီခွဲတွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သော ဖမ်းဆီးရန်ကျန် တရားခံ အောင်မျိုးသူ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ တရားခံ အောင်မျိုးသူအား တွေ့ရှိရခြင်း မရှိဘဲ ၎င်းအသုံးပြုသော KYN-47B/ —- Honda Fit ယာဉ်၏ လေထိုးစက် အံဝှက်ခန်းအတွင်းမှ လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ ၇၈ ကျပ် ၅မူးသား အားလည်းကောင်း ထပ်မံ သိမ်းဆည်းရမိခဲ့သည်” လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။
ဖမ်းမိထားသူ ဖြိုးသက်အောင်(ခ)ဖြိုးလေးနဲ့ ဇင်မျိုးထိုက်(ခ)ဇင်မျိုးတို့ရဲ့ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၁၀ ရက်မှာ မြဝတီမြို့နေ ဖမ်းဆီးရန်ကျန် အောင်မျိုးသူနှင့် ဝင်းမြတ်သူတို့ နှစ်ဦး မန္တလေးမြို့ကို လာရောက်ပြီးနောက် အောင်မျိုးသူက ပစ္စတိုသေနတ် နှစ်လက် ရှိထားလို့ အဲ့ဒီ ပစ္စတိုသေနတ်တွေကို အသုံးပြုပြီး အောင်မျိုးသူက ခေါင်းဆောင်ကာ လေးယောက်ပေါင်းပြီး “ရွှေစင်အကယ်ဒမီ” ရွှေဆိုင်ကို ဝင်ရောက်လုယက်ဖို့ တိုင်ပင်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီနောက် ရွှေဆိုင်ရဲ့ အခြေအနေကို တပါတ်ခန့် စောင့်ကြည့်ပြီး ဒီဇင်ဘာလ ၁၈ ရက် ညနေ ၅ နာရီအချိန်မှာ ဖြိုးသက်အောင်(ခ)ဖြိုးလေး၊ ဝင်းမြတ်သူ၊ အောင်မျိုးသူ တို့ သုံးဦးက CLICK ဆိုင်ကယ်နဲ့ လာပြီး ရွှေဆိုင်ကို ဝင်ရောက် ဓားပြတိုက်ခဲ့ကာ ဇင်မျိုးထိုက် (ခ) ဇင်မျိုးက CBR ဆိုင်ကယ်နဲ့ ရွှေဆိုင်အနီး CBR ဆိုင်ကယ်ကို ကျယ်လောင်ဆူညံစွာ မောင်းနှင်ပြီး ပတ်ဝန်းကျင်ကို အာရုံလွှဲဖို့ ကြိုးစားခဲ့တာလို့ စစ်အုပ်ု ရဲမှတ်တမ်းက ဖော်ပြပါတယ်။
“လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများအား ခေါင်းဆောင်ဖြစ်သူ အောင်မျိုးသူနှင့် ဝင်းမြတ်သူတို့မှ တစ်ပုံ၊ ဖြိုးသက်အောင် (ခ) ဖြိုးလေးနှင့် ဇင်မျိုးထိုက် (ခ) ဇင်မျိုးတို့မှ တစ်ပုံစီ အသီးသီး ခွဲဝေယူခဲ့ကြောင်း၊ ရွှေထည်ပစ္စည်းများအား ခွဲဝေရာတွင် ချိန်ခွင်ဖြင့် အတိအကျ မခွဲဘဲ အရွယ်အစားအလိုက် ခန့်မှန်း၍ ဆွဲကြိုး၊ ခေါက်သီး၊ လက်ကောက်၊ လက်စွပ်၊ အကြီးအသေးစသည်တို့ကို အချိုးကျ ခွဲဝေယူခဲ့ကြခြင်း ဖြစ်ကြောင်းနှင့် လုယက်မှု ကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ပစ္စတိုသေနတ် နှစ်လက်မှာ အောင်မျိုးသူမှ မြဝတီမြို့၌ နေထိုင်စဉ် အမျိုးသားတစ်ဦး (စိစစ်ဆဲ) ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း” လို့ စစ်အုပ်စုက ဖော်ပြပါတယ်။
အဲ့ဒီ လုယက်ဓားပြမှုကို စစ်အုပ်စုက CCTV မှတ်တမ်းတွေကတဆင့် ခြေရာခံရာက ဆိုင်ကယ်ကို ခြေရာခံ တွေ့ရှိပြီးနောက် ကျူးလွန်သူတွေကို ဖမ်းမိတာလို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၂၆ရက်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဒိုင်းမွန်းပလာဇာအနီး၊ ၇၇ လမ်း၊ ၃၂လမ်းနဲ့ ၃၃ လမ်းကြားက “နဂါးနန်းတော်” စိန်ရွှေရတနာဆိုင်ကို Honda Wave အမျိုးအစား ဆိုင်ကယ်နဲ့ လာတဲ့ လူနှစ်ဦးက သေနတ် ပြကာ ရွှေနှစ်ပိဿာနီးပါးနဲ့ ငွေကျပ်သိန်း ၃၀၊ စုစုပေါင်း ကျပ်သိန်း ၁၀,၅၀၀ လုယက် ဓားပြတိုက်မှုနဲ့ ဒီဇင်ဘာလ ၂၄ ရက်က မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၁ရပ်ကွက်၊ ၄၃ လမ်း၊ ၆၄လမ်းနဲ့ ၆၅ လမ်းကြားက ဆင်ဖြူတော် ငွေလဲလုပ်ငန်းကို Mask – နှာခေါင်းစည်း တပ်ထားတဲ့ အမျိုးသား နှစ်ဦးက သေနတ်ပြပြီး ငွေကျပ်သိန်း ၃၀၀ နဲ့ Ertiga အမျိုးအစား ကားတစ်စီး ဓားပြတိုက်ခဲ့တဲ့ ဖြစ်စဉ်တွေမှာလည်း ကျူးလွန်သူတွေကို ဒီဇင်ဘာလ ၂၉ရက်မှာ ဖမ်းမိထားတယ်လို့ စစ်အုပ်စုက သတင်း ဖြန့်ပါတယ်။
အဲ့ဒီ လုယက်ဓားပြတိုက်မှု ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ရေး စစ်အုပ်စုက CCTV တွေကို အဓိကထားပြီး ခြေရာခံ စုံစမ်းခဲ့ရာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၅ လမ်းနဲ့ ၅၃ လမ်းကြားက Nature တည်းခိုခန်း အခန်းအမှတ် ၂၀၉ မှာ တည်းခိုနေကြောင်း စုံစမ်းသိရတာကြောင့် ဒီဇင်ဘာလ ၂၉ရက်မှာ သွားရောက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
လက်ရှိ မန္တလေးမြို့မှာ ဉာဏ်ရည်တု နည်းပညာ အာရုံခံစနစ် – Artificial intelligence (AI) ပါ CCTV တွေ အပါအဝင် မြို့အနှံ့မှာ CCTV အလုံးရေ ထောင်သောင်းနဲ့ချီကာ တပ်ဆင်ထားပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရုံးရှိ CCTV Control Room (ထိန်းချုပ်ခန်း) ကနေ တမြို့လုံးက CCTV တွေကို စစ်အုပ်စုက ထိန်းချုပ် ကြည့်ရှု့နိုင်နေတယ်လို့ မန္တလေးမြို့ခံတချို့က ပြောပါတယ်။
မန္တလေးမြို့တွင်း လမ်းဆုံလမ်းမတွေသာမက လမ်းကြားတွေမှာပါ CCTV တွေ အများအပြား တပ်ဆင်ထားပြီး ရုပ်ထွက် အရည်အသွေးကလည်း ကောင်းမွန်ကာ စစ်အုပ်စု အနေနဲ့ သူတို့ ဖမ်းဆီးလိုသူတွေကို အလွယ်တကူ စောင့်ကြည့်၊ ခြေရာခံ ဖမ်းဆီးနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ မြို့ခံတချို့က ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ဆက်တိုက် ဖြစ်ပွားနေပေမယ့် စစ်အုပ်စုက တရားခံ ဖမ်းဆီးတာ အားနည်းပြီး ကျူးလွန်သူတွေထဲ စစ်အုပ်စု လက်သပ်မွေး ထားတဲ့ ပျူစောထီးတွေ ပူးပေါင်း ပါဝင်နေတယ်လို့ ယူဆရကြောင်း မြို့ခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက မန္တလေးမြို့သစ်မှာ ဓားပြတိုက်တဲ့ ပျူစောထီးတွေကို စစ်အုပ်စု ရဲတွေက ဖမ်းဆီးခဲ့ရာ အချင်းချင်း ဆက်လက် ဖမ်းဆီးနေပါက မြေပြင်စစ်ပွဲတွေ မလိုက်တော့ဘဲ ပျူစောထီးအဖြစ်က နှုတ်ထွက်မယ်လို့ ပျူတွေက မန္တလေးနန်းတွင်း အခြေပြု အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ ထံ တိုင်ကြားခဲ့ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP