ရန်ကုန်မြို့ တစ်ရက် မီး၁၂ နာရီ ဖြတ်မည်
▪︎မီးလာချိန်တွင်လည်း အပြည့်အဝမပေးဟု ဒေသခံများပြော
ရောင်နီ /People’s Spring
ရန်ကုန်မြို့တွင် လေးနာရီခြားတစ်ကြိမ် လျှပ်စစ်ဓာတ်အားပေးမည်ဖြစ်ပြီး တစ်ရက်လျှင် ၁၂ နာရီမီးဖြတ်တော့မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြို့နယ်လျှပ်စစ်ရုံးများက ကြေညာသည်။
ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားပေးခြင်းကို မြို့နယ်အလိုက် အုပ်စု A ၊ B ခွဲကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး ဇန်နဝါရီ ၃ ရက်ကစတင်၍ အုပ်စုတစ်ခုလျှင် လေးနာရီခြားတစ်ကြိမ် မီးပေးမည်ဟု အသိပေးထားသည်။
ဒီဇင်ဘာအတွင်းက ည ၉နာရီမှ မနက် ၁နာရီအထိ မီးဖြတ်ချိန်တိုးခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ် လေးနာရီတိုးလိုက်သောကြောင့် တစ်ရက်လျှင် မီးဖြတ်သည့်အချိန် ၁၂ နာရီအထိရှိလာမည်ဖြစ်သည်။
“ညသန်းခေါင်ကြီး မီးပြတ်သွားရင် ဘာမသိ၊ ညာမသိဖြစ်နေစိုးလို့ သတင်းတင်ပေးတာပါ။ ပျော်မနေပါဘူး။” ဟု လျှပ်စစ်ဝန်ထမ်းတစ်ဦးက အသိပေးထားသည်။
လက်ရှိတွင်လည်း ရန်ကုန်မြို့ရှိ မြို့နယ်များ၌ မီးဖြတ်ချိန်မှန်သလို မီးပေးရမည့် အချိန်တွင်လည်း မီးမရကြောင်း ဒေသခံများက ပြောသည်။
“အချိန်ထပ်တိုးရင်လဲ လာရမဲ့အချိန်ကိုအပြည့်ပေးစေချင်တယ်။အခုကျတော့(၄) နာရီပေးရမှာကို (၁) နာရီခွဲ (၂) နာရီပဲပေးတယ်..(၉) နာရီက (၁) နာရီထပ်တိုးခါစလေးပဲ လာချိန်မှာအပြည့်ရတယ်.။
ခုတော့တစ်ချိန်ထပ်တိုးတာသာအဖတ်တင်တယ်။ ခုဆိုရင် (၂) ချိန်ထပ်တိုးတာပေါ့….သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ”ဟု ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးက ရင်ဖွင့်သည်။
ရန်ကုန်မြို့၌သာမကပဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးပေးသည့် အချိန်နည်းပါးနေခြင်းဖြစ်ပြီး အချို့မြို့များတွင်လည်း တစ်ရက်လျှင် ၂နာရီခန့်သာ မီးရကြောင်း ဒေသခံများက ပြောသည်။
“လူဖြစ်ရတဲ့ ဒုက္ခ ညကို ပျက်တာ ဘယ်လိုမှ မခံစားနိုင်ဘူး။ မအိပ်ဘဲ မီးကို ထိုင် စောင့်ရုံဘဲ ရှိတယ်။” ဟု အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြ် စက်မှုဇုန်များတွင် တစ်ရက်ခြား နံနက် ၉နာရီမှ နေ့လည် ၁ နာရီအထိသာ မီးရမည်ဖြစ်ပြီး တနင်္ဂနွေနေ့တိုင်းကို မီးဖြတ်မည်ဟု အသိပေးထားသည်။
စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ၎င်း၏မိသားစုဝင်များကို ဆိုလာလုပ်ငန်းလုပ်ကိုင်ခွင့် ပေးထားသောကြောင် ယင်းကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်နိုင်သည်ဟု ပြည်သူအချို့ကသုံးသပ်ထားသည်။
စစ်ကောင်စီသည် စက်တင်ဘာလမှစတင်၍ မီတာခကို ယခင်ထက် နှစ်ဆနီးပါးတိုးမြှင့်ကောက်ခံလျက်ရှိသောကြောင့် မီးမလာသော်လည်း မီတာခကို ယခင်ထက် နှစ်ဆမက ပေးဆောင်နေရသည်ဟု ဒေသခံများကဆိုသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်မှုသည် နိုင်ငံတစ်ဝန်း ဆိုးရွားစွာရင်ဆိုင်နေရကာ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် LNG (သဘာဝဓာတ်ငွေ့ရည်) ဓာတ်အားပေးစက်ရုံများမှာလည်း ၂၀၂၃ နှစ်ဆန်းပိုင်းက ထွက်ခွာသွားခဲ့သည်။
ထိုမတိုင်မီက တနိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားအမြင့်ဆုံးထုတ် လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၄,၂၀၀ ရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် မဂ္ဂါဝပ် ၂,၀၀၀ ခန့်သာ ထုတ်လုပ်နိုင်တော့သည်။
အရပ်သားအစိုးရလက်ထက်တွင် ၂၀၁၈ ဇန် နဝါရီက မဂ္ဂါဝပ် (၃၀၀၀) ခန့်ထွက်ရှိမည့် LNG စီမံ ကိန်း (၃)ခု နှင့် ၂၀၁၉တွင် မဂ္ဂါဝပ် ၉၀၀ထွက်ရှိမည့် LNG စီမံကိန်း ၃ကို လုပ်ကိုင်ခွင့်စတင်ပေးခဲ့ပြီး ၃နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်ရန်စီစဉ်ထားခဲ့သည်။
သဘာဝဓါတ်ငွေ့အရည် (LNG)ဖြင့် ဓာတ်အားထုတ် လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများသည် ၂၀၂၀ဇွန်လတွင် ဓာတ်အားစတင်ထုတ်လုပ်ခဲ့သည်။
နွေရာသီတွင် မီးမပျက်စေရန် သဘာဝဓာတ်ငွေ့သုံး စီမံကိန်းငါးခုဖြစ်သည့် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့်သာကေတတို့တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သောအစိုးရလက်ထက်တွင် တည်ဆောက်ခဲ့သည်။
(လျှပ်စစ်မီးပျက်နေသည့် ရန်ကုန်မြို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – PS)