မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းရေး ၊ ဖက်ဒရယ် အခြေခံဥပဒေရေးဆွဲရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေး လုပ်ငန်းစဉ်များကို ယာယီသမ္မတ ဒူဝါလရှီးလ စတင်ချပြ

by

in

မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းရေး ၊ ဖက်ဒရယ် အခြေခံဥပဒေရေးဆွဲရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေး လုပ်ငန်းစဉ်များကို ယာယီသမ္မတ ဒူဝါလရှီးလ စတင်ချပြ
ရန်ကုန်၊ ဇန်နဝါရီ ၁
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးနောက် အသွင်းကူးပြောင်းရေးအစိုးရ ခေါ် Transitional National Unity Government- TNUG ဖွဲ့စည်းရေး လုပ်ငန်းစဉ်များကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူလူထုထံသို့ တရားဝင် အသိပေး ချပြလိုက်သည်။
ယနေ့ ၂၀၂၅ ခုနှစ် နှစ်သစ်ကို ကြိုဆိုခြင်း နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးသည့်နောက် အသွင်ကူးပြောင်းရေး ကာလ ရောက်သွားမည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် အသွင်ကူးပြောင်းရေး အစိုးရ (TNUG) ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး စစ်မှန်သော ကိုယ်ပိုင်ဆုံးဖြတ်ခွင့် အပြည့်အ၀ ရှိသည့် ဖယ်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းနိုင်ရန် ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောဆိုသည်။
“ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံကို ရေးဆွဲပြီးသွားတဲ့အခါမှာ ငြိမ်းချမ်းတဲ့ အခြေအနေအောက်မှာ ပြည်သူလူထု လိုချင်တဲ့ ဒီမိုကရေစီနည်းကျ တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပသွားပြီး အဲဒီ ရွေးကောက်ပွဲ ရလဒ်အပေါ်မှာ အစိုးရသစ်ဟာ နိုင်ငံကို ဦးဆောင်သွားဖို့ဖြစ်ပါတယ်” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
ထို့ကြောင့် လက်ရှိ တရားမျှ ငြိမ်းချမ်းသည့် အခြေအနေမျိုး မပေါ်မချင်း ရွေးကောက်ပွဲ ကျင်းပလျှင်လည်း မည်သည့်အဖြေမှ မထွက်ကြောင်း၊ နိုင်ငံတကာအနေဖြင့် တရားမျှတသည့် အခြေအနေ၊ မိမိကြမ္မာကို မိမိတို့ ဖန်ဆီးနိုင်သည့် အခြေအနေ ရောက်စေရန် လုပ်ဆောင်မည့် ဖက်ဒရယ် အခြေခံဥပဒေကို ရေးဆွဲပြီးနောက် ကျင်းပမည့် ရွေးကောက်ပွဲကိုသာ ထောက်ခံသင့်ကြောင်း ၎င်းက ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးအင်အားစုများက လက်ရှိ တိုင်း ပြည်၏ နိုင်ငံရေး ပြဿနာနှင့် ပဋိပက္ခများကို အဆုံးသတ်နိုင်ရေး အတွက် စစ်တပ်က နိုင်ငံရေးနှင့်အုပ်ချုပ်ရေးကဏ္ဍတွင်ပါဝင်နေမှုကို အဆုံး သတ်ရန် တောင်းဆိုကြောင်း၊ ထိုအခြေအနေတွင်မှသာလျှင် တိုင်းပြည်ငြိမ်းချမ်းရေး ပါဝင်သွားရန် အမြဲအသင့်ရှိကြောင်း သမ္မတက​ ပြောဆိုသည်။