ပေါ်တာဆွဲကြမ်းလာတဲ့ ရန်ကုန်မှာ နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို တစ်ရက်တာ ပယ်ဖျက်ပေး

by

in

ပေါ်တာဆွဲကြမ်းလာတဲ့ ရန်ကုန်မှာ နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို တစ်ရက်တာ ပယ်ဖျက်ပေး
ဒီဇင်ဘာ ၃၁၊ ၂၀၂၄

စစ်တပ်က ပေါ်တာဆွဲကြမ်းနေတဲ့ ရန်ကုန်မှာ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို ပယ်ဖျက်ပေးလိုက်တယ်လို့ သိရပါတယ်။
ညမထွက်ရအမိန့်ကို ဒီဇင်ဘာ (၃၁) ရက် ညပိုင်းကနေ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီ (၁) ရက်အထိ ပယ်ဖျက်ပေးထားတယ်လို့ စစ်တပ် ထိန်းချုပ်ထားတဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ (၃၁) ရက်မှာ ကျရောက်မယ့် နှစ်သစ်ကူးညတစ်ညတာကို ညမထွက်ရအမိန့် ပယ်ဖျက်လိုက်ပေမယ့် အများပြည်သူတွေအနေနဲ့ မိမိအိမ်မှာ သာ နေထိုင်သင့်ကြောင်း တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းထားပါတယ်။
အခုရက်ပိုင်းအတွင်း ရန်ကုန်မှာ စစ်ကောင်စီက လူငယ်လူရွယ်တွေကို ပစ်မှတ်ထား စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ မြင့်တက်လျက်ရှိနေပါတယ်။
နေ့စဉ် လူငယ်တချို့ ပျောက်ဆုံးနေပြီး မိသားစုနဲ့ အဆက်အသွယ်မရတဲ့ အခြေအနေတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။
ဒီနေ့ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညမှာလည်း လူငယ်လူရွယ်တွေကို ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်တာတွေ ရှိနိုင်တာကြောင့် အထူးသတိထားနေထိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
စစ်ကောင်စီက ရန်ကုန်မှာ နှစ်သစ်ကူးညကို ပြည်သူ့ရင်ပြင်မှာ ခမ်းနားကြီးကျယ်စွာ ကျင်းပဖို့ စီစဉ်ထားပြီး ပြည်သူတွေအနေနဲ့ သွားရောက်ဖို့ မသင့်ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က နှစ်စဉ် သတိပေးပြောကြားလေ့ရှိပါတယ်။
တစ်နိုင်ငံလုံးမှာ စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီဟာ စစ်သားအင်အားလိုအပ်ချက်ကြီးမားနေပြီး ပြီးခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ်(၆)ဟာ သတ်မှတ်ကာလမတိုင်ခင် သင်တန်းဆင်းပြီး ရှေ့တန်းနယ်မြေတွေကို ပို့ဆောင်ခံခဲ့ရတာပါ။
လတ်တလောမှာလည်း ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာ စစ်မှုထမ်း အပတ်စဉ် (၈)အတွက် တပ်သားစုဆောင်းဖို့ လူလိုနေလို့ အကြမ်းဖက်ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတဲ့ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။