နိုင်ငံအနောက်ခြမ်းဒေသသိမ်းပိုက်စိုးမိုးရေး ဦးစားပေးလုပ်ဆောင်နေဟု ချင်းညီနောင် အသိပေး
▪️တစ်နိုင်ငံလုံးစစ်အာဏာရှင်ချုပ်ငြိမ်းရေး စစ်ရေးဖော်ဆောင်မည်
▪️တော်လှန်ရေးလေးနှစ်တာအတွင်း ချင်းညီနောင်အဖွဲ့ဝင် တပ်များမှ ရဲဘော် ၂၅၀ခန့် ကျဆုံး၊ ၁,၀၀၀ ကျော် ဒဏ်ရာရဟုဆို
ဟန်နွေ/People’s Spring
ချင်းညီနောင်နှင့် မဟာမိတ်များအနေဖြင့် နိုင်ငံအနောက်ဘက်ခြမ်းဒေသများ သိမ်းပိုက်စိုးမိုးရေးကို ဦးစားပေးလုပ်ဆောင်နေခြင်းဖြစ်ပြီး တစ်ဖက်တွင်လည်း တစ်နိုင်ငံလုံး စစ်အာဏာရှင်ချုပ်ငြိမ်းရေး အတွက် အဆုံးထိစစ်ရေးဖော်ဆောင်သွားမည်ဟု ချင်းညီနောင် အလှည့်ကျ သဘာပတိ CDF မတူပီ တပ်မဟာ(၁) တပ်မဟာမှူး ဆလိုင်းဟောရှည်က ယနေ့(ဒီဇင်ဘာ ၃၀ရက်)ပြုလုပ်သည့် ချင်းညီနောင် တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် အသိပေး ပြောကြားသည်။
ချင်းဒေသကာကွယ်ရေးတပ်(CDF) မတူပီ တပ်မဟာ(၁)၊ CDF မင်းတပ်၊ PDF ဇိုလဲန်း၊ မရာတပ်ဖွဲ့ MDF ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ၊ CDF ကန်ပက်လက် စသည့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၆ဖွဲ့စုဖွဲ့ထားသည့် ချင်းညီနောင်က ယနေ့ (ဒီဇင်ဘာ ၃၀ရက်)တွင် အဖွဲ့ ဖွဲ့စည်းမှု တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကျင်းပခဲ့ရာ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) သဘာပတိ အဖွဲ့ဝင်လည်းဖြစ်သည့် ဆလိုင်းဟောရှည် အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
“ချင်းညီနောင်နဲ့ မဟာမိတ်များအနေဖြင့် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း သိမ်းပိုက်စိုးမိုးရေးကို ဦးစားပေး လုပ်ဆောင်နေတာဖြစ်ပေမယ့် တဖြည်းဖြည်းနဲ့ တနိုင်ငံလုံးအတိုင်းအတာအထိ လက်လှမ်းမီသလောက် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးအတွက် အဆုံးထိ စစ်ရေးဖော်ဆောင်သွားဖို့ရှိပါတယ်”ဟု ဆလိုင်းဟောရှည်က ပြောသည်။
မြန်မာနိုင်ငံအရေးသည် ပြည်သူအားလုံး၏ အရေးဖြစ်သကဲ့သို့ ယခု တော်လှန်ရေးသည် စစ်အာဏာရှင်စနစ် အပြီးသတ် ချုပ်ငြိမ်းရမည်ဆိုသည့် ယုံကြည်ချက်ဖြင့် ချင်းညီနောင်အနေဖြင့် မရမက အရယူမည့် လွတ်လပ်သည့် လူဘောင်သစ်တစ်ရပ်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေကြောင်း ချင်းညီနောင်သဘာပတိက ပြောသည်။
နွေဦးတော်လှန်ရေးသည် ပြည်သူအများစု ပါဝင်လာခြင်းနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်များအတွက် တော်လှန်ရေး ပိုမိုအားကောင်းစေသည်ကိုတွေ့ရကြောင်းလည်း ၎င်းက ပြောကြားသည်။
ချင်းညီနောင်၏ စစ်ရေးဥက္ကဋ္ဌ CDFမင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေကလည်း နွေဦးတော်လှန်ရေးက ပေါက်ဖွားလာသည့် လက်နက်ကိုင်အဖွဲ့များအနက် ချင်းတော်လှန်ရေးသည် ရှေးကျသည့် အဖွဲ့များထဲ၌ ပါဝင်ပြီး အာဏာသိမ်းစ ၂၀၂၁ မတ်လတွင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များကို ဖွဲ့စည်းနေပြီး ၄နှစ်ကျော်ကာလ၌ ကျဆုံးရဲဘော် ရာချီရှိခဲ့သည်ဟု အသိပေးသည်။
“ချင်းညီနောင်အဖွဲ့ဝင်အဖွဲ့အစည်းအသီးသီးမှာ စုစုပေါင်း ၂၀၀နဲ့ ၃၀၀ ကြား ၂၅၀ လောက်ကျဆုံးပြီးတော့ တပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀ ဝန်းကျင်လောက် ထိခိုက်ဒဏ်ရာရရှိတာရှိပါတယ်”ဟု ဆလိုင်းထန်းချွန်းဖေက ပြောသည်။
ချင်းညီနောင်အနေဖြင့် ကျင်ဒွေး၊ မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်မြို့သိမ်းတိုက်ပွဲများဆင်နွှဲခဲ့ပြီး ချင်းညီနောင် အဖွဲ့ဝင်များ အနေဖြင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ မဟာမိတ်များဖြင့်ဖြစ်စေ မြို့သိမ်း စခန်းသိမ်းတိုက်ပွဲများ ပါဝင်ခဲ့သည်ဟု ပြောသည်။
ချင်းပြည်နယ်အပြင် အခြားမြို့အထူးသဖြင့် နီးစပ်ရာ မကွေးတိုင်းဒေသကြီး ယောဒေသနှင့် စစ်ကိုင်းတိုင်း ဒေသ ကလေး-ကဘော်ဒေသ၌ ချင်းညီနောင်အဖွဲ့ဝင်များ ပူးပေါင်းပါဝင်ပြီး မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ပါဝင်ဆောင်ရွက်ခဲ့ဟု ၎င်းက ဆိုသည်။
“ချင်းညီနောင် စစ်ဆင်ရေးကာလတလျှောက်မှာ အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်တဲ့သူရှိသလိုပဲ အဘက်ဘက်ကနေ ဝိုင်းရံပံ့ပိုးပေးကြတဲ့ ပြည်သူလူထုရဲ့ ဝိုင်းရံပံ့ပိုးပေးမှုနဲ့ ထောက်ခံပေးမှုက ကျနော်တို့အတွက် အဓိက ခွန်အားဖြစ်ပြီးတော့ ဒီစစ်ဆင်ရေးတခုလုံးကို ပြောင်းလဲပေးနိုင်တာလည်းဖြစ်ပါတယ်”ဟု ဆလိုင်းထန်းချွန်းဖေက ပြောသည်။
အခမ်းအနားတွင် ချင်းညီနောင်အတွင်းရေးမှူးအဖွဲ့ဝင် မာရာတပ် MTC/MDF တရားသူကြီးချုပ် Rလခဲရ်က အထွေထွေအစီရင်ခံစာကို ဖတ်ကြားခဲ့ရာ ချင်းညီနောင်အနေဖြင့် ဖွဲ့စည်းပြီး တစ်နှစ်တာ ကာလ အတွင်း ချင်းပြည်မြို့ ကြီး လေးမြို့ကို သိမ်းယူနိုင်သကဲ့သို့ အခြားသော မြို့ငယ်များနှင့် စစ်ကောင်စီ၏ စစ်ကြောင်းများ၊ တပ်စခန်းများ၊ စခန်းငယ်များစွာ ကိုလည်း မဟာမိတ်မိတ် အဖွဲ့များနှင့်အတူ လက်တွဲ၍၎င်း ၊ ချင်းညီနောင် တစ်ဖွဲ့ချင်းစီ အလိုက်သော်၎င်း တိုက်ခိုက်ခဲ့ဟု ဆိုသည်။
ယခုနှစ် ဧပြီတွင် ကျင်ဒွေး၊ ဇွန်လတွင် မတူပီ၊ ဒီဇင်ဘာတွင် မင်းတပ်နှင့် ကန်ပက်လက်မြို့များကို သိမ်းနိုင်ခဲ့ပြီး ဖလမ်းမြို့ သိမ်းနိုင်ရေး ဆင်နွှဲနေကြောင်း အသိပေးသည်။
ချင်းညီနောင်အနေဖြင့် ULA/AA အပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ယောနယ်အတွင်းရှိ တော်လှန်ရေး အဖွဲ့အစည်းများ နှင့် မဟာမိတ်အဖြစ် လက်တွဲတိုက်ပွဲ ဝင်လျက်ရှိပြီး အခြားသော တော်လှန်ရေး အင်အားစုများ နှင့်လည်း ချိတ်ဆက်ဆောင်ရွက် လျှက်ရှိကြောင်း၊ ထို့ပြင် ချင်းပြည် ပြန်လည်ပေါင်းစည်းရေး (CHIN RECONCILIATION)အတွက်ဆောင်ရွက်နေကြောင်း Rလခဲရ်က အသိပေးသည်။
ချင်းညီနောင် အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ချင်းပြည်ပြန်လည်ပေါင်းစည်းရေး နှင့် ချင်းလူမျိုးများသွေးစည်းညီညွှတ်ရေးကို လိုလားသည်ဟု ပြောသည်။
ချင်းပြည်ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းသော မည့်သည့်အဖွဲ့အစည်း Third Patient နှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားဟု အသိပေးသည်။
ချင်းပြည်ပြန်လည် ပေါင်းစည်းရေးအတွက် ICNCC/CB၏ ပေါင်းစည်းရေးဆိုင်ရာ နိုင်ငံရေးရပ်တည်ချက်နှင့် မူဝါဒ များကိုလည်း ပြင်ဆင်ရေးဆွဲထားပြီးဖြစ်ပြီး ပြန်လည်ပေါင်းစည်းရေး ဆောင်ရွက်နိုင်ရန် အစုအဖွဲ့ ၇ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ဟု ပြောသည်။
ချင်းညီနောင်သည် တစ်နှစ်တာကာလအတွင်း တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပမှ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့်လည်း အလွတ်သဘော တွေ့ဆုံခြင်းနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက် ခြင်းများ ပြုလုပ်လျှက်ရှိဟု ရှင်းပြသည်။
ICNCC/CBအနေဖြင့် ချင်းပြည်တစ်ခုလုံး စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်မှန်သမျှလက်အောက်မှ လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ကာ ချင်းအမျိုးသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ချင်းပြည်တည်ဆောက်နိုင်ရန်အတွက် ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း အသိပေးသည်။
(မတူပီမြို့နယ်ရှိ အမှတ် (၃၀၄) ခြေမြန်တပ်ရင်းကို ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်များ ၂၀၂၄ ဇွန်လ ၁၇ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – ချင်းညီနောင်)