ပုသိမ်မြို့တွင် အတင်းအဓမ္မ စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံထားရသူများကို ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေး ညွှန်ကြား
ရန်ကုန်၊ ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် အတင်းအဓမ္မ စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံထားရသူများကို ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေးညွှန်ကြားခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပုသိမ်မြို့ရှိ နယ်မြေခံ သင်တန်းကျောင်းတွင် ရောက်ရှိနေသော အတင်းအဓမ္မ စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံထားရသူများကို ဒုစစ်ခေါင်းဆောင် စိုးဝင်းက သွားရောက်တွေ့ဆုံစဉ် “ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း ဆိုသည့် ရဲ ၃ ရဲ အတိုင်း ရန်သူကို ချေမှုန်း ရမည်” ဟု အမိန့်ပေး ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့သို့ စစ်မှုထမ်း တပ်သားသစ်များကို အမိန့်ပေး ညွှန်ကြားသော်လည်း ရှေ့တန်း တိုက်ပွဲအတွင်း သေဆုံးလျှင် အကြမ်းဖက် စစ်တပ်က မည်သည့် အကျိုးခံစားခွင့်မှ မပေးကြောင်းသိရသည်။
ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ညောင်ချောင်း-ချောင်းဦး ကျေးရွာမှ အသက် ၂၀ ဝန်းကျင်အရွယ် မောင်နေမင်းထက်နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ က ရပ်ကွက်၊ ၄ လမ်းတွင် နေထိုင်သော အသက် ၂၇ နှစ်အရွယ် ကိုဖေရို့စ် တို့တွင် အကြမ်းဖက် စစ်တပ်က တပ်သားသစ် အဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီးနောက် ရှေ့တန်းသို့ ပို့ဆောင်စဉ် တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး ကျန်ရစ်ခဲ့သော မိသားစုဝင်များ မည်သည့် အကျိုးခံစားခွင့်မှ မရရှိကြောင်း ကျန်ရစ်သူမိသားစုဝင်တချို့ထံမှ သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် မြန်မာနိုင်ငံ အနှံ့တွင် လူငယ်များကို ပစ်မှတ်ထား၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်လာပြီး ငွေကြေး ချမ်းသာသောသူများထံမှ သိန်းရာချီ တောင်းခံမှုများ ဖြစ်ပွားနေကာ ဆယ်ကျော်သက်အရွယ် လူငယ်များ ပျောက်ဆုံးမှုလည်း ပိုမိုများပြားလာကြောင်း မိသားစုဝင်များထံမှ သိရသည်။
အကြမ်းဖက် စစ်ကောင်စီ သည် စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များကို စတင် ခေါ်ယူချိန်တွင် ရှေ့တန်းပို့မည်မဟုတ်ဘဲ မိမိ၏ ရပ်ရွာများတွင်သာ လုံခြုံရေးဆောင်ရွက်ရမည်ဟု တရားဝင် သတင်းထုတ်ပြန်ခဲ့သော်လည်း လက် ရှိတွင် စစ်မှုထမ်း တပ်သားသစ်များကို ရှေ့တန်းသို့ပို့၍ စစ်တိုက်ခိုင်းနေခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးများလည်း တရားဝင် သုံးစွဲခွင့်ပြုထားကြောင်း လွိုင်ကော်မြို့ အနီးတိုက်ပွဲတွင် KNDF က ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း ဖိုးထူးနှင့် မျိုးသက်မင်းတို့က ဝန်ခံ ပြောဆိုထားသည်။