ဖျာပုံ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် ဖြူဖြူထွေး နေရာတွင် ရွှေထိုက်ကို အစားထိုးမည်ဟုဆို

by

in

ဖျာပုံ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် ဖြူဖြူထွေး နေရာတွင် ရွှေထိုက်ကို အစားထိုးမည်ဟုဆို
ဒီဇင်ဘာ ၂၇၊ ၂၀၂၄

ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် လက်မှတ်တွေ ကြိုတင်ရောင်းချထားပြီးမှ ဖြူဖြူထွေး ပါဝင်ဖျော်ဖြေမှုကို လက်မခံကြတာကြောင့် ဖြူဖြူထွေး အစား အဆိုတော်ရွှေထိုက်နဲ့ ပြောင်းလဲလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖြူဖြူထွေးဟာ အခုရက်ပိုင်းအတွင်း သူ့ရဲ့ ဟောင်စု ပရုတ်ဆီ ကြော်ငြာကြောင့် ပြည်သူတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ အပြင်းအထန် ဝေဖန်မှုတွေနဲ့ ကြုံနေရတာပါ။ ပရုတ်ဆီကြော်ငြာအတွင်း ဖြူဖြူထွေးရဲ့ အဝတ်အစား ဆင်ယင်ပုံ၊ ပန်းပန်ထားပုံ၊ “ခြံစည်းရိုး” “မယ်တော်ဟောင်စု” “၇၉” စတဲ့ အသုံးအနှုန်းတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပျက်ရယ်ပြု ပုတ်ခတ်စော်ကား​နေတယ်လို့ အားလုံးက ကောက်ချက်ချကြပါတယ်။
ပြည်သူတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရပြီးတဲ့နောက် ဖြူဖြူထွေးအနေနဲ့ ဟောင်စု ပရုတ်ဆီ ကြော်ငြာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပုတ်ခတ်တာမျိုး မဟုတ်ကြောင်း၊ ဇာတ်ညွှန်းကလည်း သူရေးတာ မဟုတ်ကြောင်း ရှင်းပြရင်း တောင်းပန်စကား ပြောဆိုခဲ့ပေမယ့် ပြည်သူလူထုရဲ့ ဒေါသကို မပြေပျောက်စေခဲ့ပါဘူး။
ဖျာပုံမြို့က အခု လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂၈ ရက်ကနေ ၃၀ရက်အထိ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
“လွတ်လပ်ရေးနေ့ ခေါင်းစဥ်နဲ့ ပွဲတွေသွင်းနေတာ နိုင်ငံတကာမှာ အာဏာသိမ်းစစ်အစိုးရက မြန်မာပြည် အေးချမ်းနေတယ်ဆိုတာကို လိမ်လည်ချင်တဲ့သဘောနဲ့ ပွဲလမ်းသဘင်တွေကို လုပ်​ဆောင်ပြနေတာဖြစ်တယ်”လို့ ဖျာပုံဒေသခံ တစ်ယောက်က မောင်းကို ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းလတွေမှာလည်း စစ်တပ်လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ကာ ဘုရားပွဲအကြောင်းပြကာ ပွဲလမ်းသဘင်တွေကို ကျင်းပလေ့ရှိ​တယ်လို့လည်း အထက်ပါဒေသခံက ပြောခဲ့ပါတယ်။
ပုံစာ – ဖျာပုံ လွတ်လပ်ရေးနေ့ အကြိုဖျော်ဖြေပွဲ ကြော်ငြာဗီနိုင်း…