မင်းလှနှင့် ပွင့်ဖြူတွင် စစ်တပ်က လူငယ် ၁၀ ဦးကို ပေါ်တာဆွဲ ဖမ်းဆီး၊ ပြည်မြို့နယ်တွင် နယ်ထိန်းရဲက ဦးဆောင်၍ လူငယ်များကို ဖမ်းဆီးငွေညှစ်မှုများ ဖြစ်ပွားနေ
ရန်ကုန်၊ ဒီဇင်ဘာ ၂၈
ပဲခူးတိုင်း မင်းလှမြို့နယ်နှင့် မကွေးတိုင်း ပွင့်ဖြူမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၁၀ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မင်းလှမြို့နယ်၊ ရွှေစံပြည့်ရွာမှ ရေစက်တူးနေသည့် လူငယ် ၄ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ပွင့်ဖြူမြို့နယ်၊ မဲဇလီရွာ၊ ကနီရွာနှင့် မဒဲရွာမှ ဒေသပြည်သူ အမျိုးသား ၆ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးသွားသော ပြည်သူများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဘိုကုန်းရွာသို့ ကားဖြင့် ခေါ်ဆောင်သွားကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။
ထို့ကြောင့် ပြည်သူများ အနေဖြင့် နေအိမ်တွင်သာ နေထိုင်ကြရန်နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သား၊ ပျူစောထီးများကို ဝေးဝေး မှ ရှောင်ရှားနေထိုင်ကြပါရန် ပွင့်ဖြူမြို့နယ် ပကဖ က သတိပေး ထုတ်ပြန်ထားသည်။
ထို့ပြင် ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည် ရဲစခန်းမှ နယ်ထိန်းရဲ ဘခက်သည် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး မိသားစုဝင်များထံမှ ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ပေါင်းတလည် ရဲစခန်းမှ နယ်ထိန်းရဲ ဘခက်၏ အမည်ရင်းသည် ကျော်ဖြိုးလင်းဖြစ်ပြီး ပေါက်ခေါင်းမြို့နယ်၊ ချင်းလည်အုပ်စု၊ ထောင်ရကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
“ပြည်မြို့နယ် ပေါင်းတလည်ရဲစခန်းက နယ်ထိန်း ဘခက်က ပြည်သူတွေ အပေါ် နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာ ပေါင်းတလည် ရပ်ကွက် အုပ်စုတွေက စစ်ခွေးခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ပူးပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲပြီး ငွေညှစ်တာတွေ လုပ်ဆောင်နေတာ” ဟု ဒေသပြည်သူများက ပြောဆိုသည်။
ထို့ပြင် နယ်ထိန်းရဲ ဘခက်သည် အပတ်စဉ် လောင်းကစားဝိုင်းများထံမှ ဆက်ကြေး ကောက်ခံခြင်းများကို ပြုလု့ပ်ပြီး အကြမ်းဖက် စစ်တပ် အလိုကျလုပ်ဆောင်နေသူဖြစ်ကြေင်း၊ ပြည်သူများကိုလည်း ခြိမ်းခြောက်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ဓာတ်ပုံ- စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားစဉ် အကြမ်းဖက်စစ်တပ်က လူငယ်များကို ပစ်ခတ် ဖြိုခွဲ ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)