ဟောင်စုဆေးပရုပ်ဆီ ကြော်ငြာခ ဖြူဖြူထွေးအား သိန်း ၇၀ ပေးရပြီး ဇာတ်ညွှန်းကို မသိရဟု ကုမ္ပဏီဆို
ကီရာ
မဇ္ဈိမ။ ။ ဆယ်လီဖြူဖြူထွေးနှင့် ကျပ်သိန်း ၇၀ အကုန်အကျခံ၍ ဆေးပရုပ်ဆီကို ကြော်ငြာခဲ့ခြင်းဖြစ်ပြီး ယင်းဆေးပရုပ်ဆီကြော်ငြာနှင့် ပတ်သက်၍ မည်သည့်အရာကိုမှ ကြိုတင်သိရှိခွင့်မရှိခဲ့ကြောင်း ဟောင်စုဆေးပရုပ်ဆီကုမ္ပဏီမှ ဝန်ထမ်းတဦးက ဒီဇင်ဘာ ၂၆ရက်က မဇ္ဈိမသို့ ပြောသည်။
“ပေစ့်လေးထောင်ပြီး ကြော်ငြာလေးလုပ်ချင်လို့ ဖြူဖြူထွေးကို ကြော်ငြာလေးအပ်ခဲ့တာပါ၊ ဇာတ်ညွှန်းအကြောင်းအရာ၊ ဗီဒီယိုဖိုင်မူကြမ်းတွေကို ကုမ္ပဏီကိုကြိုတင်အသိပေးတာ ပြတာမျိုး မလုပ်ဘူးလို့ သူ့ဘက်က စာချုပ်ချုပ်ထားတာမို့ အဲ့ဗီဒီယို သူတင်လာကာမှပဲ ဘယ်သူတွေနဲ့ ရိုက်ထားတယ်။ ဘာဝတ်ထားတယ်။ ဘယ်လိုဇာတ်လမ်းဆိုတာကို သိခွင့်ရခဲ့တာပါ”ဟု ဆေးပရုပ်ဆီကုမ္ပဏီမှ ဝန်ထမ်းက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည့် ဆယ်လီဖြူဖြူထွေး၏ ကြော်ငြာသည် ထိန်းသိမ်းခံထားရသည့် အသက် ၇၉ နှစ်အရွယ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သေးသိမ်စေသော စကားလုံးအသုံးအနှုံးများ တမင်ရည်ညွှန်းထားသည်ဟု လူမှုကွန်ရက်အသုံးပြုသူများအကြား ပြစ်တင်ဝေဖန်မှုများစွာရှိခဲ့ခြင်းဖြစ်သည်။
၎င်းကြော်ငြာဗီဒီယိုတွင် အဖြူဝမ်းဆက်ကိုဝတ်ဆင်ထားသော ဖြူဖြူထွေးက နှင်းဆီပန်းပန်ခြင်း၊ မယ်တော်ဟောင်စုဟူသော အသုံးအနှုန်းကို ထပ်တလဲလဲ အသုံးပြုခြင်းနှင့် ချဲဂဏန်းပေးသည်ဆိုကာ ၇၉ ဟူသော ဂဏန်းကို ပြောဆိုခြင်းများအပြင် ကြော်ငြာဗီဒီယိုနှင့် သက်ဆိုင်ခြင်းမရှိဘဲ ၎င်းကြော်ငြာခေါင်းစဉ်ကို ခြံစည်းရိုးမယ်တော်ဟု ထည့်သွင်းရေးသားခြင်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မဇ္ဈိမမှ ကြည့်ရှု့ခွင့်ရခဲ့သည့် ၎င်းကြော်ငြာနှင့် ပတ်သက်သည့်စာချုပ်၌ ဖုန်းဖြင့် အွန်လိုင်းဗီဒီယိုရိုက်ကူးရာတွင် ရိုက်ကူးမည့် ဇာတ်ညွှန်း၊ အကြောင်းအရာ၊ ပါဝင်သရုပ်ဆောင်မည့်ဇာတ်ကောင်များနှင့် ရိုက်ကူးထားပြီးသော ဗီဒီယိုဖိုင်မူကြမ်းကို လုပ်ငန်းအပ်နှံသူထံ ကြိုတင်ပြောပြ အကြောင်းကြားမည်မဟုတ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။
ထို့အပြင် အဆိုပါ ဆေးပရုတ်ဆီကြော်ငြာကို ဒီဇင်ဘာ ၁၅ ရက်ကျော်တွင် စတင်ရိုက်ကူးပေးမည်ဖြစ်ပြီး ၎င်းဗီဒီယိုကို ကြော်ငြာအပ်နှံသူမှ တသက်တာ ပိုင်ဆိုင်ခွင့်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သို့သော် ဝေဖန်မှုများကြောင့် အဆိုပါ ဗီဒီယိုတင်ပြီး နောက်ရက်တွင် ဖြူဖြူထွေးက လူမှုကွန်ရက်မှ ဖြုတ်ချသွားခဲ့ပြီး ၎င်းဗီဒီယိုကို ဖြုတ်ချလိုက်ကြောင်း ကုမ္ပဏီသို့ ဖုန်းဆက်အကြောင်းကြားခဲ့သော်လည်း အစားထိုးဗီဒီယို ရိုက်ကူးမည့်အကြောင်းနှင့် နောက်ဆက်တွဲ တာဝန်ယူပေးမည့်အကြောင်းအရာများနှင့် ပတ်သက်၍ ပြောဆိုခြင်းများ မရှိသည့်အပြင် လက်ရှိအချိန်ထိလည်း ဖြူဖြူထွေးနှင့် အဆက်အသွယ်လုပ်၍မရကြောင်း ဆေးပရုပ်ဆီကုမ္ပဏီမှ ပြောသည်။
ထို့အပြင် ၎င်းတို့အနေဖြင့် ၂၀၀၇ ခုနှစ်ကတည်းက ဟောင်စုအမည်ဖြင့် ကုမ္ပဏီကိုစတင်လုပ်ဆောင်ခဲ့ခြင်း တရုတ်အသံထွက်ကို အင်္ဂလိပ်ဘာသာဖြင့် HAOSU အဖြစ်လည်းကောင်း မြန်မာဘာသာပြန်ဖြင့် ဟောင်စုဟုလည်းကောင်း အလွယ်ပေးမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒီလိုပဲ အလွယ်ပေးခဲ့တဲ့ နာမည်လေးပါ။ မိသားစုတနိုင်တပိုင်စီးပွားလေးပါပဲ။ ဝန်ထမ်းတောင် ငါးယောက်လောက်ပဲ ရှိတာပါ ။ ဒီလောက်ထိလည်း ဟိုးလေးတကြော်ကြော်ဖြစ်မယ်လို့လည်း မထင်ခဲ့ပါဘူး”ဟု ၎င်းက ထပ်မံ ပြောပြသည်။
ဒီဇင်ဘာ ၂၅ ရက်တွင် ဖြူဖြူထွေးမှ သူ၏ဇာတ်ညွှန်းဆရာဆိုသူနှင့်အတူ ယင်းဗီဒီယိုနှင့် ပတ်သက်၍ မည်သူတဦးတယောက်ကိုမှ ထိခိုက်လိုစိတ် နစ်နာလိုစိတ်မရှိကြောင်းနှင့် အရိုးသားဆုံးသရုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တောင်းပန်ခဲ့သော်လည်း ခြံစည်းရိုးမယ်တော်ဟူသော ဗီဒီယိုခေါင်းစဉ်နှင့် ပတ်သက်၍မူ ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပေ။
ခြံစည်းရိုးဆိုသော အသုံးအနှုံးသည် ခြံစည်းရိုးကြက်ဆူပင်ဆိုသော အသုံးအနှုံးကို စောင်းမြောင်းရေးသားခြင်းဖြစ်သည်ဟု ပရိသတ်တချို့က ယူဆကြသည်။ ယခင် စစ်အုပ်စုဟောင်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် နိုင်ငံတဝန်း ခြံစည်းရိုးကြက်ဆူပင်များ စိုက်ခိုင်းစေခဲ့သည်။ ကြက်ဆူ၏အတိုကောက် ကဆ အသံထွက်သည်။ ထိုစဉ်က နှစ်ရှည်နေအိမ်အကျယ်ချုပ်ကျခံနေခဲ့ရသော ဒီမိုကရေစီလိုလားသောအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဗေဒင်သဘောအရ ကက်ကင်းရိုက်ခြင်းဖြစ်သည်ဟု စွပ်စွဲမှုများရှိခဲ့သည်။ မြန်မာစစ်ခေါင်းဆောင်များအဆက်ဆက် ဗေဒင်ယတြာအယူသည်းမှုများရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စုကြည်ဟု ၎င်းတို့အသိုင်းဝိုင်းတွင် ရည်ညွှန်းပြောဆိုလေ့ရှိသည်။
စာတည်း – သန့်ဇော်(သန်လျင်)
ပုံအညွှန်း-ဝေဖန်ခံနေရသည့် ဖြူဖြူထွေးကြော်ငြာနှင့် ပတ်သက်၍ ကုမ္ပဏီနှင့် ဖြူဖြူထွေးကြား သဘောတူညီထားသည့် စာချုပ်ပါ အချက်အချို့(ဓာတ်ပုံ-ပေးပို့)
ပုံအညွှန်း- ဝေဖန်ခံနေရသည့် ဟောင်စုဆေးပရုပ်ဆီကြော်ငြာနှင့် ပတ်သက်၍ ဆယ်လီဖြူဖြူထွေး ပရိသတ်အားတောင်းပန်စဉ်
#mizzima
#news