တရုတ်နိုင်ငံက စစ်ကောင်စီထံသို့ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ချေးငှားမည်ဆိုသော သတင်းများ မှန်ကန်မှုမရှိ ■ စစ်တပ်လော်ဘီများက ကျပ်ငွေတန်ဖိုးတက်ပြီး ဒေါ်လာတန်ဖိုးကျဆင်းစေရန် ရည်ရွယ်ထုတ်လွှင့်သော သတင်းအတု သတင်းအမှားသာဖြစ်

by

in

တရုတ်နိုင်ငံက စစ်ကောင်စီထံသို့ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ချေးငှားမည်ဆိုသော သတင်းများ မှန်ကန်မှုမရှိ
■ စစ်တပ်လော်ဘီများက ကျပ်ငွေတန်ဖိုးတက်ပြီး ဒေါ်လာတန်ဖိုးကျဆင်းစေရန် ရည်ရွယ်ထုတ်လွှင့်သော သတင်းအတု သတင်းအမှားသာဖြစ်
ရန်ကုန်၊ ဩဂုတ် ၁၈

တရုတ်နိုင်ငံက အကြမ်းဖက်စစ်ကောင်စီထံသို့ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ထုတ်ချေးမည်ဆိုသော သတင်းများမှာ မှန်ကန်မှုမရှိကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် စီမံဘဏ္ဍာသတင်းရင်းမြစ် နှစ်ခုတို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၄ ရက်နေ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ခရီးစဉ်အတွင်း မြန်မာအကြမ်း ဖက်စစ်ကောင်စီထံသို့ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ တရုတ်က ထုတ်ချေးမည်ဆိုသော သတင်းများမှာ လုံး၀ မှန်ကန်မှုမရှိဘဲ ငွေကြေးကိစ္စ၊ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စများကို လုံး၀ ဆွေးနွေးခဲ့ခြင်းမရှိကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
“တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ခရီးစဉ်အတွင်းမှာ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်အတိုင်း အလုပ်လုပ်ဖို့၊ ရွေးကောက်ပွဲနဲ့ မဲစာရင်းနဲ့ သန်းခေါင်စာရင်းအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စတွေ အကူအညီပေးဖို့ ကိစ္စတွေ ဆွေးနွေးတာပဲရှိပါတယ်။ မည်သည့် စီးပွားရေးကိစ္စ၊ ငွေကြေးဆိုင်ရာ ချေးငှားဖို့ ကိစ္စ လုံး၀ ဆွေးနွေးခြင်းမရှိပါဘူး။ နိုင်ငံရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ တွန်းအားပေးတဲ့ခရီးစဉ်ဖြစ်ပါတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
စစ်ကောင်စီလက်အောက်ခံ စီမံဘဏ္ဍာဝန်ကြီးဌာနမှ သတင်းရင်းမြစ်ကလည်း လတ်တလော နိုင်ငံခြားချေးငွေ ရရှိသော သတင်းများမကြားမိကြောင်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ကတည်းက စီမံဘဏ္ဍာဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားချေးငွေများ ရရှိရန် ကြိုးပမ်းမှုများရှိခဲ့သော်လည်း လက်ရှိ နိုင်ငံရေးအခြေအနေများကြောင့် ချေးငှားသူမရှိကြောင်း ရှင်းပြသည်။
“ချေးငွေရဖို့ကတော့ တောက်လျှောက်ဆိုသလို ကြိုးပမ်းနေပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ ချေးငွေရရှိတာမျိုး မရှိသေးပါဘူး” ဟု စီမံဘဏ္ဍာ သတင်းရင်းမြစ်က ရှင်းပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရNUG ကလည်း စစ်ကောင်စီထံ ချေးငှားသော နိုင်ငံခြားချေးငွေများကို ပြည်သူ့ကြွေးမြီအဖြစ် အသိအမှတ်ပြုမည် မဟုတ်ဘဲ နောင်ဖြစ်ပေါ်လာမည့် ပြည်သူ့အစိုးရများက ပေးဆပ်ရန် တာဝန်ရှိမည်မဟုတ်ကြောင်း အတိအလင်းထုတ်ပြန်ကြေညာထားသည်။
စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များကမူ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃ ဘီလီယံထုတ်ချေးလိုက်သည့်အတွက် အမေရိကန်ဒေါ်လာ စျေးနှုန်းများ ထိုးကျနေပြီဖြစ်ပြီး အနာဂတ်တွင်လည်း အနိမ့်ဆုံးထိုးကျမည်ဖြစ်ကြောင်း မဟုတ်မမှန် လုပ်ကြံသော ဝါဒဖြန့်သတင်းများကို တောက်လျှောက်ဆိုသလို ဖြန့်ချိလျက်ရှိကြောင်း သိရှိရသည်။