မြန်မာကို ကာလဝမ်းရောဂါဆေးတွေ ထိုင်း အကူအညီပေး

by

in

မြန်မာကို ကာလဝမ်းရောဂါဆေးတွေ ထိုင်း အကူအညီပေး

ဒီဇင်ဘာ ၂၅၊ ၂၀၂၄

မြန်မာပြည်မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ ကာကွယ်တိုက်ဖျက်ရေး အကူအညီဖြစ်စေဖို့ ကာလဝမ်းရောဂါဆေးတွေကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပေးထားကြောင်း Bangkok Post က ဒီဇင်ဘာ ၂၄ ရက်မှာ ဖော်ပြထားပါတယ်။

ထိုင်းအစိုးရက အကူအညီပေးမယ့် ဆေးတွေဟာ ကာလဝမ်းရောဂါဝေဒနာရှင် ၂၄၀၀ အတွက် လုံလောက်တဲ့ ဆေးဝါးတွေနဲ့ ကာလဝမ်းရောဂါကာကွယ်ဆေး ၅၀၀၀ ခန့် ဖြစ်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း ကာလဝမ်းရောဂါ ဖြစ်ပွားမှု ၇၀၀၀ ခန့်ရှိတယ်လို့ တရားဝင် ထုတ်ပြန်ချက်မဟုတ်တဲ့ သတင်းတွေက ဖော်ပြထားကြောင်း ဆိုပါတယ်။

ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်၊ မဲရမတ်ခရိုင် တဖက်ခြမ်း BGF/KNA အကာအကွယ်ပေးထားရာ ရွှေကုက္ကိုလ်မြို့မှာ အနည်းဆုံး ရောဂါဖြစ်ပွားသူ ၃၀၀ ကျော်နဲ့ သေဆုံးသူ ၂ ယောက် ရှိခဲ့ပါတယ်။

ထိုင်းနယ်စပ် မဲဆောက်ခရိုင်မှာလည်း ရောဂါကူးစက်ခံရသူ ၄ ယောက်ရှိနေပြီး မြန်မာနိုင်ငံသား ၂ ယောက် ပါဝင်ပါတယ်။

ထိုင်းအာဏာပိုင်တွေက လူနာ ၂၄၀၀ ခန့်အတွက် လုံလောက်တဲ့ ကာလဝမ်းရောဂါဆေးပြား ၂၄၀၀၀၀ နဲ့ ကာလဝမ်းရောဂါ ကာကွယ်ဆေး ၁၄၈၂ ချောင်းကို မဲရမတ်ဆေးရုံကတဆင့် ပေးပို့ခဲ့ပါတယ်။ နောက်ထပ် ကာကွယ်ဆေး ၃၅၀၀ ကို လာမယ့်အပတ်မှာ ပေးပို့မယ်လို့ သိရပါတယ်။

ကာကွယ်ဆေးဟာ ခြောက်လတာ ကာလဝမ်းရောဂါ ခုခံအားကို တည်ဆောက်ရာမှာ အထောက်အကူပြုနိုင်တယ်လို့ ဝန်ကြီးဌာနရဲ့ ရောဂါထိန်းချုပ်ရေးဌာနက ပြောပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ မြန်မာ – ထိုင်းနယ်စပ်မှာ ကာလဝမ်းရောဂါဖြစ်ပွါးမှုနဲ့ပတ်သက်ပြီး တစုံတရာ အသိပေးထုတ်ပြန်ခြင်း၊ ကာကွယ်ကုသရေးဆိုင်ရာ ပြင်ဆင်ပြုလုပ်နေကြောင်း ထုတ်ပြန်ခြင်းတွေ မရှိကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် ဇူလိုင်လကစလို့ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အပါအဝင် မြို့နယ်တချို့တွေမှာလည်း ကာလဝမ်းရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွါးခဲ့ပြီး သေဆုံးမှုရှိကြောင်း ဒေသခံတွေက ပြောဆိုခဲ့ကြပေမယ့် စစ်ကောင်စီကတော့ ထုံးစံအတိုင်း လူသေဆုံးမှု မရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ပုံစာ – ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း ရွာတွေမှာ ကာလဝမ်းရောဂါ အသိပညာပေးမှု လုပ်ဆောင်နေစဉ်

Photo – Khaosod English
News – BangkokPost