မန္တလေးမြို့ပေါ် စစ်အုပ်စုက အတင်းအဓမ္မ စစ်သားသစ် စုနေလို့ လူငယ်တချို့ ထွက်ပြေးနေရ၊

by

in

မန္တလေးမြို့ပေါ် စစ်အုပ်စုက အတင်းအဓမ္မ စစ်သားသစ် စုနေလို့ လူငယ်တချို့ ထွက်ပြေးနေရ၊
AN/MFP ၊ ဩဂုတ် – ၁၈

မန္တလေးမြို့မှာ စစ်အုပ်စုက လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေတာကြောင့် လူငယ်တချို့ မြို့မှာ မနေရဲဘဲ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
မန္တလေးမြို့ပေါ်က ရပ်ကွက်အလိုက် စစ်သားသစ် စုဆောင်းမယ့် လူစာရင်းကို စစ်အုပ်စုက သြဂုတ်လ ပထမအပတ်ထဲမှာ ဖြန့်ဝေထားပြီး ယခင်လို မဲမနှိုက်တော့ဘဲ တစ်ရပ်ကွက်ကို နှစ်ယောက်နှုန်း တောင်းတယ်လို့ ဆိုပါတယ်။
“ပါမယ်လို့လည်း မထင်တာလေ။ (၆)ရက်နေ့က ကျွန်တော့်အိမ်ကို ရပ်ကွက်ရုံးက အကြောင်းကြားတယ်။ ကျွန်တော့် နာမည်နဲ့ မဟုတ်ဘူး။ ဒီအိမ်က တစ်ယောက် ဆိုပြီး အကြောင်းကြားတာ။ အိမ်မှာ ကျွန်တော်ပဲ ရှိတာလေ ” လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ စစ်မှုထမ်းစာရင်း ပါထားသူ လူငယ်တစ်ဦးကို စစ်အုပ်စုက လာရောက် ဖမ်းခေါ်ရာ နေအိမ်မှာ မရှိလို့ဆိုပြီး မိခင်ဖြစ်သူကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကိုဖြစ်သူကို စစ်သားသစ် လာစုရာ မတွေ့တဲ့အတွက် နောက်တစ်ကြိမ်မှာ တွေ့တဲ့သူ ဖမ်းမယ်လို့ ခြိမ်းခြောက် သွားတယ်လို့ နောက်ထပ် မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အကို့နာမည်ပါတာ။ အကိုမရှိလို့ အမေ့ကို ခြိမ်းခြောက်သွားတယ်”
စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ငွေပေးနိုင်သူတွေက ထွက်ပြေးစရာ မလိုသေးဘဲ ငွေမပေးနိုင်သူတွေကို စစ်အုပ်စုက အဓမ္မ စစ်သားသစ် စုနေတာလို့ မြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ မန္တလေးမြို့မှာ နေ့ခင်းကြောင်တောင် ဧည့်စာရင်း အကြောင်းပြကာ စစ်ဆေးမှုတွေ ပြုလုပ်နေသလို လူငယ်တွေကို နေ့၊ည အချိန်မရွေးတော့ဘဲ ဖမ်းဆီးပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေတယ်လို့ မန္တလေးမြေပြင် ကင်းထောက်အဖွဲ့တွေက ဖော်ပြပါတယ်။
“ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျည်ကုန်းဖက်တွင် စခ အင်အား အများအပြားဖြင့် စစ်မှူထမ်းရန်အတွက် ဖမ်းဆီးမှူများ ပြုလုပ်နေပြီး လူငယ်လူရွယ် (၁၀)ယောက်လောက်ကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။ စခ ကားများ ယခုထိ ရပ်ကွက်ရုံးတွင် ရပ်ထားကြောင်း”လို့ မန္တလေးမြေပြင်ကင်းထောက် Vomdy က ဒီကနေ့ ဩဂုတ်လ(၁၈)ရက် နေပလည်(၁)နာရီမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ဒီကနေ့ မနက်(၇)နာရီကျော်ကလည်း အမည်ရောင်းဝတ်စုံဝတ်၊ မျက်နှာဖုံးစပ်ထားတဲ့ စစ်အုပ်စုနဲ့ပျူတွေက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၇၇)လမ်း၊ (၃၅)လမ်းနဲပ (၃၆)ကြားက နေအိမ်တွေကို စီးနင်းကာ စစ်မှုထမ်းစာရင်း ပါတဲ့ လူငယ်တွေကို အတင်းအဓမ္မ ဖမ်းခေါ်ဖို့ လုပ်နေပြီး လူငယ်တွေကို မတွေ့လို့ ရပ်ကွက်ထဲ လှာည့်ပတ်နေတယ်လို့ Vomdy က ဆိုပါတယ်။
စစ်အုပ်စု၊ ပျူနဲ့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေကို နေအိမ်ထဲအအထိ အတင်း အဓမ္မ စီးနင်းဝင်ရောက်ကာ စစ်သားသစ် စုနေတာလို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးတိုင်း အပါအဝင် နိုင်ငံတဝန်း စစ်ပွဲရှုံးနေတဲ့ စစ်အုပ်စုက လူငယ်တွေကို စစ်သားသစ် စုဆောင်းမှာ ဖြစ်ကြောင်း ကြေညာကာ မတ်လက စလို့ နိုင်ငံတဝန်းက သောင်နဲ့ချီတဲ့ လူငယ်တွေကို စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပါတယ်။
အဓမ္မ စစ်သားသစ် စုဆောင်းခံရပြီး ရှေ့တန်းပို့ခံရသူတွေ အပါအဝင် မန္တလေးတိုင်း တိုက်ပွဲတွေမှာ သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ စစ်အုပ်စု တပ်သားတွေ/Photo – ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)
#Mandalay_Free_Press_MFP