”မကြာခင်ဆိုရင် ၂၀၂၄ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၅ နှစ်သစ်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ တော်လှန်ရေးဟာဆိုရင်လည်း (၄) နှစ်တာ ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ ၄ နှစ်တာနီးပါး ကြာမြင့်လာတဲ့ တော်လှန်ရေးခရီးတလျှောက်လုံးမှာ ကြုံတွေ့လာရတဲ့ အခက်အခဲအကျပ်အတည်းတွေကို ပြည်သူလူထုကြီးက ကြံ့ကြံ့ခံပြီး တော်လှန်ရေးအပေါ် အားပေးထောက်ခံမှု၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မဟာမိတ်အင်အားစုများရဲ့ မလျှော့တမ်း တစိုက်မတ်မတ် အားထုတ် ကြိုးပမ်းမှုတွေကို အားတက်ဖွယ်ရာ မြင်တွေ့ရပြီးဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာဆိုရင် စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောကြားသည့် ခရစ္စမတ်ဆုတောင်းစကား
စစ်ကောင်စီဘက်က နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ဆုံးရှုံးတော့မယ့် အခြေအနေ ရှိနေသည်ဟု NUG ယာယီသမ္မတပြော
ဒီဇင်ဘာ ၂၅၊ ၂၀၂၄
၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်း စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်တာကြောင့် နောက်ထပ်တိုင်းစစ်ဌာနချုပ်တွေ မကြာခင် ကျဆုံးတော့မယ့် အခြေအနေတွေ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။
အရှေ့မြောက်တိုင်းနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွေ ဆုံးရှုံးသွားတဲ့ စစ်ကောင်စီအနေနဲ့ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ထပ်မံ ကျဆုံးတော့မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ နိုင်ငံတော်အဆင့် အခြေပြု ခရစ္စမတ်မိန့်ခွန်း ဆုတောင်းစကားမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
စစ်ကောင်စီဟာ မြန်မာနိုင်ငံတဝန်း မြို့ပေါင်း ၉၀ ထက်မနည်းကို ဆုံးရှုံးထားရပြီလို့လည်း ဆိုပါတယ်။
အဲဒီမြို့တွေက စစ်ကောင်စီလက်ကနေ လွတ်မြောက်ခဲ့ပြီဖြစ်သလို မကြာခင်မှာလည်း နောက်ထပ် တိုင်းစစ်ဌာနတွေ ကျဆုံးမယ့် အခြေအနေ ရောက်ရှိနေပြီဖြစ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။
“ကျနော်တို့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဟာ ကမ္ဘာကြီးနဲ့ထပ်တူ ခရစ္စမတ်အချိန်အခါကို ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ နွေးထွေးလုံခြုံမှု အပြည့်နဲ့ ဖြတ်သန်းခွင့် ရထိုက်ပါတယ်။ အဲဒီအတွက်လည်း ရည်မှန်းထားတဲ့အတိုင်း တော်လှန်ရေးပန်းတိုင်ကို အောင်မြင်အောင် မလျှော့သော ဇွဲလုံ့လနဲ့ အားစိုက်ကာ ကြိုးစားသွားရမှာ ဖြစ်ပါတယ် “ လို့ယာယီသမ္မတက ဆိုပါတယ်။
အခုလို ခရစ္စမတ် အချိန်အခါသမယမှာ ပြည်သူလူထုတစ်ရပ်လုံး ငြိမ်းချမ်း ပျော်ရွှင်ကြပြီး မေတ္တာတရားတွေ လွှမ်းခြုံတဲ့ နွေးထွေးမှုနဲ့ လွတ်လပ်မှုတို့ကို အနှစ်သာရပြည့်၀စွာ ခံစားနိုင်ကြကာ အားလုံးအတွက် ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်ဖြစ်ပါစေလို့ ယာယီသမ္မတက ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။