ဧရာဝတီသို့ တိုက်ပွဲများရောက်ရှိလာမည်ကို စိုးရိမ်၍ ၀ါးခယ်မမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး မြို့လှည့်ကာ အန္တရာယ် ကင်းပရိတ်ရွတ်ဖတ်
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်
ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး အန္တရာယ်ကင်းပရိတ် မြို့လှည့် ရွတ်ဖတ်နေကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်ဦးဆောင်၍ လုံခြုံရေးရယူပေးသည့် စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ယခု ဒီဇင်ဘာလအတွင်း မြို့လှည့်၍ အန္တရာယ် ကင်းပရိတ် ရွတ်ဖတ်နေကြောင်း ဒေသခံများထံကသိရသည်။
“ဆရာတော်တွေတော့မပါဘူး၊ အသံချဲ့စက်နဲ့ ထွေအုပ်ရုံးကဝန်ထမ်းတွေနဲ့ ရဲတွေရယ် စစ်သားတွေရယ် မြို့လှည့် ပရိတ် ရွတ်ကြတာ။ သူတို့ အရမ်းကြောက်နေတယ်။ ဗေဒါဂိတ်ကို AA သိမ်းပြီးနောက်မှာ ဧရာဝတီကို တိုက်ပွဲတွေဝင်တော့မလားဆိုပြီး သွေးပျက်နေကြတာ”ဟု ဝါးခယ်မမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဂွမြို့နှင့် ဧရာ၀တီတိုင်း၊ ငသိုင်းချောင်းမြို့နယ်ကို ဆက်သွယ်ထားသည့် ကားလမ်းပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်နှစ်ခုဖြစ်သည့် ဒေါင်းချောင်းစစ်ဆေးရေးဂိတ်နှင့် ဗေဒါဂိတ်တို့ကို အာရက္ခတပ်တော် (AA) သိမ်းပိုက်ပြီးနောက် ဧရာဝတီသို့ တိုက်ပွဲများ ရောက်ရှိလာမည်ကို စိုးရိမ်၍ ယခုလို မြို့လှည့်ကာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်သည်ဟု မြို့ခံများကဆိုသည်။
ထို့အပြင် ဝါးခယ်မမြို့နယ်၊ သံကြိုးတိုင်ရပ်ကွက်တွင်လည်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်းရန် လူရှာမပေးနိုင်သည့်အတွက် စစ်ကောင်စီတပ်သားများနှင့် ရဲများက ဆဲဆို ကြိမ်းမောင်းကာ ယခု ဒီဇင်ဘာလအတွင်း ပေါ်တာဆွဲမည်ဟု ပြောဆိုကြောင်း မြို့ခံများထံက သိရသည်။
ရခိုင်ပြည်နယ်၊ ဂွမြို့ပေါ်တွင် အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ အကြား လက်ရှိအချိန်ထိ တိုက်ပွဲများပြင်း ထန်လျက်ရှိပြီး အဆိုပါစစ်ပွဲသည် ဧရာဝတီတိုင်း အတွင်းသို့ ရောက်ရှိလာမည် ကိုစိုးရိမ်၍ ဒေသအချို့က စစ်ရှောင်ရန် ပြင်ဆင်နေကြောင်းသိရသည်။
ဧရာဝတီတိုင်း၊ ပုသိမ်၊ ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်းမြို့၊ အထောင်၊ ရှားခဲ၊ ဝါးခယ်မ စသည့် မြို့နယ်များအပါအဝင် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် ပြည်သူ့စစ်များမှ ညပိုင်းကင်းလှည့်ရာတွင် လူငယ်အချို့ကို မသင်္ကာဟုပြောဆိုအကြောင်းပြကာ ဖမ်းဆီးငွေတောင်းယူမှုများ ဆက်တိုက် ပြုလုပ်လာသောကြောင့် ညဘက်တွင် လူအသွားအလာမရှိအောင် နည်းသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
#ဧရာဝတီ #တိုက်ပွဲများရောက်ရှိလာမည် #စိုးရိမ် #၀ါးခယ်မမြို့နယ်အုပ်ချုပ်ရေးမှူး #မြို့လှည့် #အန္တရာယ်ကင်းပရိတ်ရွတ်ဖတ် #Ayeyarwaddy_Times