ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ အောင်မြင်ပြီးမြောက်ကြောင်း ချင်းညီနောင် ထုတ်ပြန်

by

in

ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ အောင်မြင်ပြီးမြောက်ကြောင်း ချင်းညီနောင် ထုတ်ပြန်
-People’s Spring

ချင်းညီနောင်စစ်ဆင်ရေး (Operation CB)အဖြစ် ဖော်ဆောင်နေသော ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ အောင်မြင်ပြီးမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်ဟုဆိုကာ CDFကန်ပက်လက်က ယနေ့(ဒီဇင်ဘာ ၂၃ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။
ဓာတ်ပုံ – Chin Defence Force -Kanpetlet

ချင်းတောင်ပိုင်းတစ်ခုလုံး လွတ်မြောက်ပြီဖြစ်၍ ကျန်နေရာများအတွက် ဆက်လက်တိုက်ပွဲဝင်မည်ဟု ချင်းညီနောင် ကြေညာ
▪︎တစ်နိုင်ငံလုံး စစ်ကောင်စီကင်းစင်ရေး ဆက်လက်ကြိုးပမ်းမည်ဟု CDF ကန်ပက်လက်စစ်ဦးစီးချုပ် ပြော
ဟန်နွေ/People’s Spring
ချင်းပြည်နယ် ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ အောင်မြင်ပြီးမြောက်ပြီဖြစ်ကြောင်း ချင်းညီနောင်က ယနေ့ (ဒီဇင်ဘာ ၂၃ရက်) ထုတ်ပြန်ခဲ့ပြီး ချင်းပြည်နယ်အတွင်း ကျန်ရှိနေသည့် နေရာများ၌ စစ်အာဏာရှင်စနစ် ကင်းစင်ရေးကြိုးပမ်းမည်ဟု အသိပေးသည်။
ဒီဇင်ဘာ ၂၂ရက်က ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ စတင်ကြောင်း ချင်းညီနောင်ကကြေညာခဲ့ရာ ယင်းနေ့၌ပင် စစ်ကောင်စီတပ်စွဲထားသည့် နေရာအသီးသီးမှ ထွက်ပြေးတိမ်းရှောင်သွားကာ လက်ရှိတွင် ကန်ပက်လက်မြို့နယ် တစ်ခုလုံးကို ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ထားဟု အသိပေးသည်။
ချင်းညီနောင်အဖွဲ့မှ မြို့နယ်လုံခြုံရေးနှင့် ပြည်သူ့ဝန်ဆောင်မှုကိစ္စရပ်များအားလုံးကို စနစ်တကျ လည်ပတ်လာနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးသည်။
ထို့ပြင် ချင်းပြည်တောင်ပိုင်းနယ်တစ်ခုလုံး စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှ အလုံးစုံ လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်းဖော်ပြကာ ချင်းပြည်နယ်အတွင်း ကျန်ရှိနေသေးသည့်နေရာများတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ချင်းညီနောင်နှင့် မဟာမိတ်အင်အားစုများအတူတကွ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
မြို့များကိုသိမ်းပြီးနောက် မြို့ကိုထိန်းနိုင်ရန် နောက်ထပ် ကြုံရမည့် အခက်အခဲများစွာရှိနေကြောင်း၊ ထို့အတွက်ကြောင့် နိုင်ငံတဝန်း အကြမ်းဖက် စစ်ကောင်စီ ကင်းစင်ရန် ဆက်လက် တိုက်ပွဲဝင်ရမည်ဖြစ်၍ ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံကြောင်းCDF ကန်ပက်လက် စစ်ဦးစီးချုပ် ဆလိုင်းအောင်လင်းက ပြောသည်။
“ကျနော်တို့အနေနဲ့ ကန်ပက်လက်ကိစ္စနဲ့သော်လည်းကောင်း ပြီးတော့ ဖလမ်း စစ်ဆင်ရေးမှာသော်လည်းကောင်း၊ နောက်ထပ် ချင်းတွေမှာ ကျန်နေသေးတဲ့ မြို့တွေ၊ ပြီးတော့နောက်ထပ် ချင်းနဲ့တဆက်တစပ်တည်းဒေသတွေအဲဒီကနေ တဆင့် တစ်နိုင်ငံလုံး အကြမ်းဖက် စစ်ကောင်စီ ကနေ လွတ်မြောက်အောင် အားလုံး ဆက်ပြီး တိုက်ပွဲဝင်သွားဖို့အတွက် ကြိုးစားနေပါတယ်”ဟု စစ်ဦးစီးချုပ် ဆလိုင်းအောင်လင်းက ပြောသည်။
ချင်းညီနောင် စစ်ဦးစီးချုပ်ဖြစ်သည့် CDF မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေကလည်း “ရစ်စမတ်အခါသမယမှာ အောင်ပွဲတွေကို ဆင်နွှဲနိုင်တယ်။ ထို့နည်းတူပဲ ဆက်ပြီးတော့ အောင်ပွဲတွေ ဆင်နွှဲကြမယ်။ ဖလမ်းမှာ ကျန်ရှိနေသေးတဲ့ စကစ လက်ကျန်တွေကို အရှိန်အဟုန်ပြင်းပြင်းထန်ထန်နဲ့ ဆက်ပြီးတော့ ထိုးစစ်ဆင်သွားပြီးတော့ အောင်ပွဲရတဲ့အထိ ဆက်သွားဖို့ရှိပါတယ်” ဟု ပြောကြားသည်။
CDF ကန်ပက်လက် စစ်ဦးစီးချုပ် ဆလိုင်းအောင်လင်း ၎င်းတို့အနေဖြင့် ကျင်ဒွေး၊ မတူပီမြို့သိမ်းပြီးနောက် မင်းတပ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးနှင့် တပြိုင်တည်း ကန်ပက်လက်ကို ဆင်နွှဲရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေသည့် အနေအထားရှိခဲ့ဟု ပြောပြသည်။
“စစ်ဆင်ရေးကို စတင်နိုင်ဖို့ အတွက် အဆင်မပြေတဲ့ အနေအထားမျိုးမှာ ရှိနေတယ်။ ရှိနေတဲ့ အခြေအနေမျိုးဖြစ်တဲ့အခါ ကန်ပက်လက်ကို CDF ကန်ပက်လက် အနေနဲ့ အကုန်လုံးကို ပိတ်ဆို့ပြီး သူတို့ရဲ့ ဖြတ်လေးဖြတ် စနစ်နဲ့ သူတို့ရဲ့ စားနပ်ရိက္ခာ ၊ရေ၊မီး အကုန်ဖြတ်တောက်ပြီးတော့ ပိတ်ဆို့ပြီးတော့ အဲဒီကနေ လျှံထွက်လာတဲ့ဟာဆို ရင် အမှည့်ချွေစနစ်နဲ့ အကုန်လုံးပိတ်ဆို့နေတာ လချီနေပြီဖြစ်ပါတယ်” ဟု ဆလိုင်းအောင်လင်းက ပြောသည်။
မတူပီမြို့သိမ်းပြီး မင်းတပ်နှင့် ဖလမ်းမြို့ကို စစ်ဆင်ရေး လုပ်ဆောင်ရန် ပြင်ဆင်ချိန်ကတည်းက တပြိုင်တည်း ကန်ပက်လက်မြို့ကို စစ်ဆင်ရေး လုပ်ရန်ကြိုးစားခဲ့သော်လည်း မစတင်နိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
“ဒါပေမဲ့ မင်းတပ်နဲ့ ဖလမ်းရဲ့ အရှိန်အဟုန်တစ်ခုနဲ့ ပြီးသွားတာနဲ့ ချက်ချင်း စတင်နိုင်ဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ မင်းတပ်နဲ့ ဖလမ်း စစ်ဆင်ရေး လုပ်နေတဲ့အတောအတွင်းမှာ ကျနော်တို့ ဝိုင်းဝန်းပိတ်ဆို့ပြီး သူတို့ကို စိတ်ဓာတ်စစ်ဆင်ရေးတစ်ခုအနေနဲ့ စခန်းထဲက မထွက်နိုင်အောင် နေ့ခင်း မြင်သာတဲ့အချိန်တွေမျိုးမှာ စခန်းထဲက လုံး၀ မထွက်နိုင်အောင် အကုန်လုံး ပိတ်ဆို့ထားလိုက်တာဖြစ်ပါတယ်” ဆလိုင်းအောင်လင်းက ကန်ပက်လက်ဒေသ စစ်ရေး အခြေအနေကို ပြောပြသည်။
မင်းတပ်မြို့ကို သိမ်းပြီးနောက် လိုအပ်သည့်အင်အားဖြင့် စစ်ဆင်မည့် အခြေအနေ မျိုး၌ စစ်ကောင်စီက ညတွင်းချင်းထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဆိုသည်။
“ထွက်ပြေးသွားတဲ့ဟာကို သိသိချင်း နောက်ကနေ ထပ်ချပ်မကွာ လိုက်ပြီးတော့ မှ လိုက်လံရှင်းလင်းနေတယ် လိုက်လံ ဖမ်းဆီးနေတာရှိတယ်။ ပြီးတော့ မြို့တွင်း စခန်းတွင်းထဲကို ဝင်ပြီးတော့ မြို့တွင်း နေရာ အားလုံး မြို့တွင်း စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေ ပြီးတော့ လုံခြုံရေးအရလိုအပ်တဲ့နေရာတွေအားလုံးကို ချင်းညီနောင် တပ်ဖွဲ့အနေနဲ့အကုန်လုံး လုံခြုံရေး နေရာယူထားပြီးသားဖြစ်ပါတယ်” ဟု ဆလိုင်းအောင်လင်းက ပြောသည်။
မြို့သိမ်းတိုက်ပွဲများ အောင်မြင်မှုရရှိခဲ့ခြင်းမှာ မဟာမိတ်ကောင်းများ ရရှိထားမှု၊ အချင်းချင်း စည်းလုံးညီညွတ်မှုကြောင့် ဖြစ်ကြောင်း ကန်ပက်လက် CDF စစ်ဦးစီးချုပ် ဆလိုင်းအောင်လင်းက ပြောကြားသည်။