ချင်းပြည်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ကာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေ

by

in

ချင်းပြည်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ကာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေ
ဒီဇင်ဘာ ၂၃၊ ၂၀၂၄

ချင်းညီနောင်တပ်ဖွဲ့တွေဟာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေပြီဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။
မနေ့က ဒီဇင်ဘာ ၂၂ ရက်မှာ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ ချင်းညီနောင်ဟာ ချင်းတောင်ပိုင်းတစ်ခုလုံးကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ပြီး ဖလမ်းမြို့ကိုလည်း တပြိုင်နက်တည်း ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ချင်းညီနောင်ဘက်က ကျင်းပတဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို တရားဝင် အတည်ပြုပြောကြားလိုက်တာပါ။
ချင်းပြည်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်တယ်လို့ ချင်းညီနောင် CNDF က အသိပေးခဲ့ပါတယ်။
လက်ရှိမှာတော့ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုရရှိအောင် အရှိန်မြှင့် ထိုးစစ်ဆင်နေပြီးချင်းညီနောင် လှုပ်ရှားနယ်မြေ မြို့နယ်တွေ အပါအဝင် ချင်းပြည်နယ်တစ်ခုလုံး လွတ်မြောက်အောင် ဆောင်ရွက်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဖလမ်းမြို့ပေါ်က စစ်ကောင်စီတပ်ရဲ့ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အပါအဝင် ဌာနဆိုင်ရာရုံးတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်ကတည်းက ချင်းညီနောင်တပ်ဖွဲ့ဘက်က ထိန်းချုပ်ထားနိုင်တယ်လို့လည်း သိရပါတယ်။
လက်ရှိ ဖလမ်းမြို့မှာ စစ်ကောင်စီရဲ့ ခလရ(၂၆၈) တပ်ကုန်းတစ်ခုသာ ကျန်တော့ပြီး တခြားနေရာတွေမှာ စစ်ကောင်စီ ကင်းစင်သွားပြီ ဖြစ်တယ်လို့ ချင်းညီနောင်က ဆိုပါတယ်။ ဖလမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ယောက်ဟာ ချင်းညီနောင်တပ်ထံ လက်နက်ချခဲ့တယ်လို့လည်း သိရပါတယ်။
ချင်းပြည်နယ်က မင်းတပ်နဲ့ ကန်ပက်လက်တိုက်ပွဲတွေ အပါအဝင် မြို့သိမ်းတိုက်ပွဲတွေမှာ အာရက္ခတပ်တော် AA က လက်နက်ခဲယမ်းနဲ့ စစ်ရေးဗျူဟာတွေကို ပံ့ပိုးကူညီခဲ့ကြောင်းလည်း ချင်းညီနောင် တပ်ဖွဲ့က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
AA နဲ့ မဟာမိတ်ဖြစ်တဲ့ ချင်းညီနောင်တပ်ဖွဲ့မှာ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၊ ချင်းဒေသ ကာကွယ်ရေးအဖွဲ့ (ကန်ပက်လက်)၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ (မတူပီ) တပ်မဟာ ၁ တို့ ပါဝင်လျက်ရှိပါတယ်။
လက်ရှိမှာ ချင်းညီနောင်အဖွဲ့ဟာ ချင်းပြည်နယ်အတွင်း ကန်ပက်လက်၊ မင်းတပ်၊ မတူပီမြို့နယ်၊ ကျင်ဒွေးမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
ဒါကြောင့် ကျန်ရှိနေသေးတဲ့ ချင်းပြည်နယ်အတွင်း မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကိုလည်း မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ဆက်လက်တိုက်ခိုက် သိမ်းပိုက်သွားမယ်လို့ ချင်းညီနောင်က ဒီနေ့ ဒီဇင်ဘာ ၂၃ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသိပေးပြောကြားခဲ့ပါတယ်။
ချင်းပြည်နယ်မှာ ချင်းပြည်ကောင်စီ ဆိုတဲ့ တော်လှန်ရေးအဖွဲ့နဲ့ ချင်းညီနောင်တပ်ဖွဲ့ဆိုပြီး နှစ်ဖွဲ့ကွဲကာ စစ်ကောင်စီကို ဖိအားပေးတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၄ နှစ်နီးပါး ကြာမြင့်လာချိန်မှာ ချင်းပြည်နယ်က မြို့ ၈ ခုကို ချင်းတော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထားပြီး စစ်တပ်က ပြည်နယ် မြို့တော် ဟားခါးနဲ့ ဖလမ်း(တချို့နေရာ) တို့ကိုသာ ထိန်းချုပ်ထားနိုင်ပါတော့တယ်။

စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ မှာ ချင်းပြည်နယ်အလံ လွှင့်တင် (ရုပ်/သံ)
ဒီဇင်ဘာ ၂၃၊ ၂၀၂၄
ချင်းပြည်နယ်အတွင်း ချင်းညီနောင်တပ်ဖွဲ့တွေ သိမ်းယူထားတဲ့ စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)ရဲ့ ဒုစစ်ဦးစီးချုပ်က ချင်းပြည်နယ်အလံ လွှင့်တင်တဲ့ ရုပ်သံဖိုင်ကို ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။