ရေကြည်မြို့ အခြေစိုက် အမြောက်တပ် ၃၄၄ ကို စစ်ကောင်စီက လေယာဥ်များနှင့်စစ်လက်နက်အချို့ပို့ထားပြီး ခံစစ်ပြင်ဆင်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အခြေစိုက် မြောက်စမ်းအမြောက်တပ် (၃၄၄)ကို စစ်ကောင်စီက လေယာဥ်များနှင့် စစ်လက်အချို့ပို့ဆောင်ထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။
ရခိုင်ပြည်နယ်၊ ဂွတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများပြင်းထန်လာပြီးနောက် ရေကြည်အခြေစိုက် မြောက်စမ်း အမြောက်တပ် (၃၄၄)ကို စစ်ကောင်စီက လေယာဥ်များနှင့် စစ်လက်နက်အချို့ပို့ဆောင်ပြီး ခံစစ်ပြင်ဆင်လာခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“လေယာဥ်တွေပို့တာတော့ ခုရက်ပိုင်းမှာပဲ၊ လေယာဥ်ဆင်းဖို့လည်း လမ်းဖောက်ပြီး အဆောက်အအုံအချို့လည်း လုပ်နေကြတယ်။ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက် ဒါတွေလုပ်လာကြတာပါ”ဟု မြောက်စမ်း အမြောက်တပ် ၃၄၄ နှင့် နီးစပ်သူက ပြောသည်။
ရေကြည်အခြေစိုက် မြောက်စမ်း အမြောက်တပ် ၃၄၄တွင် ပြီးခဲ့သည့် ရက်အတွင်းက စတင်ကာ အရေးပေါ် လေယာဥ်ကွင်း ဖောက်လုပ်လျက်ရှိပြီး လက်ရှိတွင်လည်း အဆောက်အုံအချို့လည်း ထပ်မံဆောက်လုပ်လျက်ရှိကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူကပြောသည်။
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း အစပ်ရှိ ဒေသခံများကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၈ရက်နှင့် ၁၉ရက်နေ့များတွင် နောက်ဆုံးထား၍ မြောက်စမ်း အမြောက်တပ် ၃၄၄ က ရွေ့ပြောင်းခိုင်းထားကြောင်း ဒေသခံများကပြောသည်။
ထို့အပြင် ရေကြည်မြို့နယ်ရှိ ဆင်သေကျေးရွာ၊ သက္ကယ်ပြင်ကျေးရွာ၊ ကုန်းမြင့်ကျေးရွာအပြင် ငါးသိုင်းချောင်းမြို့နယ်အတွင်းရှိကျေးရွာအချို့မှာလည်း စစ်ရှောင်ရန်အသင့်ပြင်ဆင်ထားကြောင်း ဒေသခံများကပြောသည်။
လက်ရှိ ဂွမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသည့်အတွက် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကျုံပျော်မြို့နယ်၊ သာပေါင်းစသည့် မြို့နယ်များမှ ဒေသခံများ စိုးရိမ်နေကြောင်း ဒေသခံများကပြောသည်။
ဓာတ်ပုံ-စစ်ကောင်စီ၏ အမြောက်တပ် (ပုံဟောင်း)ကို ပြန်လည်အသုံးပြုထားသည်