တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၄ ဦးအပါအဝင် တပ်သား ၁၂ ဦးသေဆုံး၊ စစ်ဦးစီးဌာန စစ်ဆင်ရေးရုံးခန်း၊ စခန်းရုံး၊ အရာရှိလိုင်းခန်းနှင့် ကား ၃ စီး မီးလောင် ပျက်စီး(ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၂၂
ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၄ ဦးအပါအဝင် တပ်သား ၁၂ ဦးသေဆုံးပြီး စစ်ဦးစီးဌာန စစ်ဆင်ရေးရုံးခန်း၊ စခန်းရုံး၊ အရာရှိလိုင်းခန်းနှင့် ကား ၃ စီး မီးလောင် ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက်အစောပိုင်း ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၅ လုံးကို အောင်မြင်စွာ ထိရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးဌာန စစ်ဆင်ရေး ရုံးခန်း မီးလောင်ပြီး အရာရှိ ၂ ဦး သေဆုံးခဲ့ကြောင်း၊ တိုင်းစစ်ဌာနချုပ်အတွင်းရှိ စခန်းရုံးကိုလည်း ထိမှန်ကာ စခန်းရုံး အရာရှိ ၂ ဦးနှင့် အခြားအဆင့် စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ဌာနချုပ်အတွင်းရှိ အရာရှိငယ်နေအိမ် ၂ လုံး ပြိုကျ ပျက်စီးပြီး အရာရှိ လိုင်းခန်းတွင် နေသူအချို့ ထိခိုက် thay ဆုံးမှုရှိကြောင်း၊ အိမ်စီးကား ၂ စီး နှင့် တပခ စစ်မှုထမ်းသုံး ကား၁ စီးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့၊ (Anti-Coup People’s Liberation Force – ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းကာ BWM ၏ Mission 27 အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းမစ်ရှင်အောင်မြင်ရေးအတွက် ဗိဿနိုး (တောင်တွင်းကြီး) အဖွဲ့ ကလည်း တဖက်လမ်းမှ ပါဝင်ကူညီအားဖြည့်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) သည် ပဲခူးတိုင်း၊ ကရင်ပြည်နယ် မြောက် ဘက်ခြမ်း ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများရှိ တော်လှန်ရေး အင်အားစုများကို အကြမ်းဖက် နှိမ်နင်းရန် ကြိုးကိုင် နေသည့် စစ်ဌာနချုပ် ဖြစ်သောကြောင့် ပစ်ခတ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“စစ်ရှုံးကောင်စီ အသိုင်းအဝိုင်းအတွက် နေ့စဥ်နေ့တိုင်းဟာ ခြိမ်းခြောက်ခံလာနေရပြီဖြစ်ပါတယ်။ သူတို့ အလုံခြုံဆုံးလို့ ယုံကြည်ထားတဲ့ စစ်တိုင်းဌာနချုပ်တွေထဲမှာတောင် သူတို့ဟာ အချိန်မရွေး သေသွားနိုင်ပြီဆိုတာကို သတိပေးချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။